မှိုင်းညို့နေသောချင်းတောင်တန်းကြီးများသည် အချိန်အခါမရွေး လွမ်းမောဖွယ်ဂုဏ်ဒြပ်နှင့်ပြည့်စုံလွန်းလှသည်။ အလွမ်းဓာတ်ခံရှိသူများအဖို့တော့ တော်ရုံစိတ်မခိုင်လျှင် မျက်ရည်ပင်ဝဲမိမည်ထင်၏။
ကောင်းခန့် တစ်ယောက်တည်း ရေတံခွန်ထိပ်ရှိကျောက်ဆောင်ပေါ်တစ်ခုပေါ်တွင်ထိုင်ရင်း ပတ်၀န်းကျင်ကို ငေးနေမိသည်။ ကောင်းခန့် ရောက်နေသည့်နေရာက ရန်ကုန်နှင့်အလှမ်းဝေးလှသည့် ချင်းပြည်နယ်အတွင်း အမည်မသိ ရေတံခွန်တစ်ခုရှိသော တောတွင်းတစ်နေရာ၌ဖြစ်၏။
ကောင်းခန့် ကျောင်းပြီးသွားတော့ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရကာ အစိုးရရုံးများတွင် အလုပ်သင်အဖြစ် တစ်နှစ်ကျော်လုပ်ကိုင်ခဲ့ရသေးသည်။ ထို့နောက်မှပြည်ပအခြေစိုက်ကုမ္ပဏီတစ်ခုနှင့်ချိတ်ဆက်မိပြီး အစိုးရအလုပ်မှထွက်ခဲ့ခြင်းဖြစ်၏။
ယခု ကောင်းခန့်အလုပ်လုပ်နေသော ကုမ္ပဏီက ခေါင်လွန်းလှသည့် ရွာငယ်လေးများကို လျှပ်စစ်မီးရရှိရေးအတွက် ရေအားလျှပ်စစ်ထုတ်လုပ်ရန် တင်ဒါရထားခဲ့သည်။ ထို့ကြောင့် ရေတံခွန်ရှာဖွေရေးအဖွဲ့မှ တွေ့ရှိထားသည့်ရေတံခွန်များအား ရေအားလျှပ်စစ်ထုတ်လုပ်ရန် ဖြစ်နိုင်မဖြစ်နိုင် ကောင်းခန့်တို့အင်ဂျင်နီယာအဖွဲ့က ဆာဗေးလာဆင်းနေရခြင်းဖြစ်၏။ အချက်အလက်များအားလုံးကိုက်ညီသည်ဆိုပါမှ အစိုးရအား တင်ပြပြီး ခွင့်ပြုချက်ရယူကာ ရေအားလျှပ်စစ် စီမံကိန်းကို စတင်ရပေမည်။
"ဆရာလေး...ဘာတွေငေးနေတာတုန်းဗျ ကျွန်တော်တို့ နေမစောင်းခင် တောင်အောက်ပြန်ဆင်းရအောင်လေ...ဘာတုန်း မြို့မှာကျန်ခဲ့တဲ့ရည်းစားကို လွမ်းနေတာလား"
"အဟား....မဟုတ်ရပါဘူးဗျာ...ဒီတိုင်း ရှုခင်းတွေက လှလို့ပါ"
ရေတံခွန်ရှာဖွေရေးအဖွဲ့မှ တာ၀န်ခံလေး မောင်ကျော် လာခေါ်တော့မှ နေ၀င်တော့မည်ကိုသတိရ၍ အောက်ပြန်ဆင်းဖို့ ပြင်ဆင်ကြရသည်။ တောင်စောင်းမှ ချင်းရွာလေးတွင် စတည်းချကြသည်မို့ စားရေးသောက်ရေးကို ရွာလူကြီးအိမ်ကတာ၀န်ယူထား၍ အရင်အခေါက်များကထက် အဆင်ပြေလှ၏။ မောင်ကျော်က အထုပ်ပိုးများကိုထမ်း၍စဆင်းတော့ ကောင်းခန့်က နိုင်သလောက်ကူသယ်၍ နောက်ကလိုက်ရသည်။

KAMU SEDANG MEMBACA
The Promise Of Summer
Romansa(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)