ထွက်သွားရသူနှင့် ကျန်ရစ်ခဲ့ရသူတွင် ဘယ်သူကပို၍အလွမ်းဒဏ်ကိုခံစားရပါသလဲဟုမေးလျှင် တော်တော်များများက ကျန်ရစ်ခဲ့ရသူဟုဖြေတတ်ကြသည်။ နှစ်ဦးသားအတူတူ လှုပ်ရှားသွားလာခဲ့ဖူးကြသည့် အမှတ်တရတွေက ကျန်ရစ်ခဲ့ရသူ၏စိတ်ကို တမြေ့မြေ့လောင်ကျွမ်းစေတတ်သည်မဟုတ်လား။
သို့သော် ကောင်းခန့်ကတော့ ထပ်တူခံစားရသည်ဟုသာ ရဲရဲကြီးဖြေချင်သည်။ ထွက်သွားရသူသည် တခြားသူမဟုတ်။ ကောင်းခန့်ထက် မလျော့သောချစ်ခြင်းမေတ္တာ သံယောဇဉ်တွေရှိပေးခဲ့သည့် တိုးတိုးဖြစ်နေသောကြောင့်ပင်။
ဖန်ခါးမြေကိုပြန်လည်ခြေချခဲ့ရပေမယ့် နံဘေးတွင်အမြဲတူတူရှိနေခဲ့ရသူကပါမလာတော့ ကောင်းခန့်၏နေ့ရက်များသည် အသက်ရှင်ရန်ကြိုးစား၍စားသောက်လှုပ်ရှားနေသော စက်ရုပ်တစ်ရုပ်မျှသာဖြစ်နေခဲ့တော့၏။
"ကောင်းကောင်း... ဒီနေ့ ကျောင်းမသွားပြန်ဘူးလား"
အိပ်ရာထဲတွင်ခွေနေသော ကောင်းခန့်အနီးသို့ ကိုညီကဝင်လာပြီးမေးသည်။ တိုးတိုး၏ခုတင်ဖြစ်ခဲ့ဖူးသော တစ်ဖက်နေရာလွတ်တွင်ဝင်ထိုင်ပြီး ကောင်းခန့်အားဂရုဏာသက်စွာကြည့်၏။
"မသွားတော့ဘူး"
"သီဟကျော်ကပြောတယ် မင်းကျောင်းပျက်ရက်တွေများနေပြီတဲ့... အဆောင်ကထွက်သွားပြီးလည်း ကျောင်းကိုမရောက်ဘူးလား... မင်း ဘယ်တွေလျှောက်သွားနေတာလဲ"
".........."
ကိုညီ၏အမေးအတွက် ကောင်းခန့်တွင်ဖြေစရာစကားမရှိ။ ဆိုင်ကယ်ကို ကျောင်းသို့ဦးတည်ပြီးမောင်းခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ်သတိထားမိခဲ့ချိန်တွင် မြသလွန်ဘုရားသို့ရောက်နေခဲ့ရသည်ကလည်း အကြိမ်ကြိမ်။ အရက်ကိုမူးအောင်သောက်ကြည့်ဖူးသည်။ ဝေဒနာကအချည်းအနှီးပင်။ ဘာကိုမှအာရုံမစိုက်နိုင်တော့လောက်အောင် ဦးနှောက်တွင်ရော နှလုံးသား၌ပါ လစ်ဟာနေ၏။
"ဟင်း"
ကိုညီ့ထံမှ သက်ပြင်းချသံထွက်လာသည်။
"လူကလည်း တစ်နေ့တခြားပိန်လာပြီ... မင်း အစားလည်းပုံမှန်စားဦး... နောက်ပြီး ဒီအဆောင်မှာနေရတာ အဆင်မပြေရင် မင်းနဲ့ငါ အဆောင်အသစ်ပြောင်းကြမယ်... မင်း နှစ်ယောက်စာပေးပြီးနေနေတာက အကြောင်းမဟုတ်ဘူး... ကြာရင်တစ်ယောက်တည်း ရူးသွားဦးမယ်"

ESTÁS LEYENDO
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)