ကမ်းနားလမ်းတစ်လျှောက်ရှိဆိုင်များတွင် ကျောင်းသားကျောင်းသူ လူငယ်အတွဲလေးများနှင့် ပြည့်နေသည်...ကောင်းခန့်ဆိုင်ကယ်ကို အရှိန်လျှော့ပြီး ဆိုင်တန်းများနှင့် တော်တော်လှမ်းတဲ့နေရာထိ မောင်းလာခဲ့သည်... တိုးတိုးကဘာမှမပြောဘဲ ငြိမ်ပြီးလိုက်လာသည်...
လူရှင်းရာ တစ်နေရာရှာ၍ ဆိုင်ကယ်ကိုရပ်ခဲ့ပြီး သောင်ပြင်စပ်သို့ သစ်ပင်များကြားမှလျှောက်၍ ဆင်းလာခဲ့သည်... လမ်းအောက် သစ်ပင်များကြားတွင် ခုံတန်းလေးများ ရှိပေမဲ့ မထိုင်ပဲ ကမ်းစပ်အထိဆင်းလာခဲ့သည်..တိုးတိုးက နောက်မှလိုက်လာသည်...လူရှင်းရာ ကမ်းစပ်တစ်နေရာ၌ရပ်လိုက်ပြီး နောက်မှတိုးတိုးကို လှည့်ကြည့်ကာ သက်ပြင်းချ၍ ခတ်ဆတ်ဆတ်မေးလိုက်သည်....
"မင်း အခုဘာတွေလုပ်နေလဲ ငါ့ကို ပွင့်ပွင့်လင်းလင်းပြော တိုးတိုး"
"ငါက ဘာလုပ်နေလို့ ဘာကိုပြောရမှာလဲ"
"မင်း နဲ့ အဲ့ဒီ ဖြိုးအိက ဘာလဲ"
"အတန်းဖော်လေကွာ ဘာဖြစ်နေလို့လဲ"
"မင်း ငါ့ကို အပိုမပြောနဲ့ ထက်ယံတိုး ... မင်းဘယ်တုန်းက မိန်းကလေးတွေနဲ့ အတန်းဖော်သူငယ်ချင်းမလုပ်ဖူးဘူး"
"အရင်ကမလုပ်ဘူး အခုလုပ်တော့ရော ဘာဖြစ်လို့လဲ မင်းလဲအတန်းဖော်မိန်းကလေးသူငယ်ချင်းတွေရှိတာပဲ ငါကရော လုပ်လို့မရဘူးလား"
"တိုးတိုး မင်းက ငါနဲ့မတူဘူး ... အဲ့ဒီ ဖြိုးအိဆိုတာနဲ့ မင်းက လိုတာထက်ပိုနေတယ်...မင်းဘာလို့သူကျွေးတဲ့မုန့်တွေလဲ ယူယူထားရတာလဲ မင်းအရင်က ဘယ်မိန်းကလေးကျွေးတာမှ မစားဘူး ... ပြီးတော့လည်း ကျောင်းပိတ်ရက်တောင် တွေ့နေကြပြီ မင်းတို့က"
"အေး အခုစားတော့ရော ဘာဖြစ်လဲ မင်းတောင်မှ သူဇာလွင်နဲ့ ကန်တင်းတူတူထိုင်ပြီး မုန့်စားနေသေးတာပဲ...ငါလဲ ငါစားချင်ရင်စားမယ် သွားချင်တဲ့နေရာသွားမယ်..မင်းကအနေသာကြီး"
"ဘာ အနေသာကြီး ဟုတ်လား...ထက်ယံတိုး မင်းက အခုတော့ အဲလိုတွေတောင် ငါ့ကိုပြောနေပြီလား ဟမ်!"
ငယ်ငယ်ကတည်းက ခုချိန်ထိ ငြင်းခုန်စကားများတာသာရှိပေမဲ့ တစ်ခါမှခုလို စကားအခြေတင်ရန်မဖြစ်စဖူး ဖြစ်နေ၍ ကောင်းခန့်ပို၍ ရင်နာလာရသည်... တိုးတိုးက ခုတော့ မိန်းကလေးတယောက်အတွက် ကောင်းခန့်ကိုတောင် မပြောစဖူးတွေပြောနေပြီပေါ့...တိုးတိုးတကယ်ပဲ ဖြိုးအိကို ကြိုက်သွားပြီလား...ကောင်းခန့် ရင်တွေပူလာရသည်...တိုးတိုး ကိုဆုံးရှုံးရတော့မည်ထင်သည်...
YOU ARE READING
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)