ကျောင်းပိတ်ရက် တနင်္ဂနွေနေ့ နေ့လည်ဖြစ်၍ ကောင်းခန့်က ကိုညီ့တို့အခန်းထဲတွင် ကိုတင်သန်းဦးတို့နှင့် အပျော်တမ်းဖဲလာရိုက်နေသည်... ထိုအချိန်၌ အဆောင်ခေါင်းရင်းဆိုင်မှ ကလေးမလေးက တိုးတိုး၏နာမည်အား လှမ်း၍အော်ခေါ်သံ ကြားရသည်...
"ကိုထက်ယံတိုး ကိုထက်ယံတိုး ဖုန်းလာနေပါတယ်"
"တိုးတိုးရေချိုးနေတယ်ထင်တယ်...မေချိုဆက်တာလားမသိဘူး...လာပြီ..လာပြီ"
ကောင်းခန့်က လှမ်းအော်ပြီးပြေးဆင်းသွားကာ ဖုန်းကိုင်ပေးရသည်...
"ဟယ်လို"
"ဟယ်လို တိုးတိုးလားဟင်"
တစ်ဖက်မှကောင်မလေးတယောက်အသံကြားရ၍ ကောင်းခန့်မျက်မှောင်ကျုံ့သွားရသည်... ခေါ်ပုံကလည်း တိုးတိုး တဲ့..တော်တော်ရင်းနီးနေပုံရသည်.... ဒါနဲ့ တိုးတိုးက ဖုန်းနံပါတွေဘာတွေတောင် ပေးထားတာလားဟု တွေးကာ စိတ်ထဲ ခိုးလို့ခုလု ဖြစ်သွားမိသည်...
"တိုးတိုး မဟုတ်ဘူးဗျ သူရေချိုးနေလို့ ဘာပြောပေးရမလဲ"
ကောင်းခန့်က လေသံခပ်မှန်မှန်နှင့် မေးလိုက်သည်...
"ဪ ဟိုလေ ဖြိုးအိဆက်တယ်လို့ပဲ ပြောပေးပါနော်...တိုးတိုးဆီကငှားထားတဲ့ စာအုပ်လေ ပြန်လာယူလို့ရပြီလို့ ပြောမလို့ပါ"
"ဪ..အင်း...ပြောလိုက်မယ်လေ"
"ဟုတ်ကဲ့ ဒါပဲနော်"
တစ်ဖက်မှ ဖုန်းချသွားပြီဖြစ်သော်လည်း ကောင်းခန့်မှာ နေရာတွင်ရပ်နေမိရင်း အတွေးနယ်ချဲ့နေရပြီ... အဟက်...ဘာတဲ့...ဖြိုးအိ...စာအုပ်ငှားထားတာက သူလေ ဘာလို့သွားပြန်ယူရမှာလဲ...ကျောင်းမှာပေးလို့ရောမရဘူးလား...ပိတ်ရက်မှာတောင်သွားယူမှ ဖြစ်မှာလား...ကျစ်!..ဘာလဲကွာ....ဘယ်အထိတောင်ရင်းနီးနေကြတာလဲ...ဟိုနေ့က ကျောင်းမှာ မုန့်ကျွေးတဲ့တယောက်က သူပဲနေမှာ....ဖုန်းနံပါတ်က ဘာလို့ပေးလိုက်ရတာလဲ...
"အကို ပြီးရင်လည်းဖယ်ပေးပါဦး နောက်မှာ ဖုန်းဆက်မဲ့သူစောင့်နေတယ်"
"ဟင်..ဪ အင်းအင်း...အ၀င်ကောဖိုး မှတ်ထားလိုက်ဦးနော်"
ကောင်းခန့် သတိလက်လွတ်တွေးနေမိ၍ ဆိုင်မှကလေးမက သတိပေးမှ ယောင်ကန်းကန်းနှင့် ထပြန်လာရသည်...ဘာကိုစိတ်တိုလို့ တိုမှန်းမသိပဲ မျက်ခုံးများကိုတွန့်ကွေးထားမိသည်...
CITEȘTI
The Promise Of Summer
Dragoste(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)