မနက်ဖြန်ဆိုလျှင် သင်္ကြန်အကြိုနေ့ဖြစ်သောကြောင့် ကောင်းခန့် နှင့် တိုးတိုး တို့ နှစ်ယောက် ရပ်ကွက်ထဲသို့လှည့်ကာ အုန်းလက် ရှာပုံတော်ဖွင့်ကြရသည်။ အုန်းလက်မဏ္ဍပ်ဆောက်ပြီး ရေပက်ကြရန်ဖြစ်သည်။ သုံးလမ်းကျော်မှ ကိုဖိုးကျော်တို့အိမ်တွင် အုန်းလက်များခုတ်ချ၍ ရပ်ကွက်ထဲမှ ကလေးများအား အုန်းလက်အလှူပေးနေသောကြောင့် နှစ်ယောက်သား ၀င်ယူခဲ့ကြသည်။
ကောင်းခန့်တို့အိမ်ရှေ့တွင် ရေတိုင်ကီ နှစ်လုံးထုတ်၍ ၀န်းတံခါးဟိုဘက် ဒီဘက်တွင် ဝါးလုံးတိုင် နှစ်ချောင်းစီထောင်ကာ အုန်းလက်များဖြင့် အလှဆင်လိုက်သည်။ မီးဖိုထဲမှ စကော၁ချပ်ကို ယူပြီး ဆေးအဖြူရောင်နှင့် "နွေပိတောက်" ဟု စာရေးကာ ချိတ်ဆွဲလိုက်သည်။ ထို့နောက် ရောင်စုံသင်္ကြန်ပန်းကုံးတချို့ကို ဟိုတစ်စ ဒီတစ်စ တွဲလောင်းချလိုက်သောအခါ
"နွေပိတောက် " မဏ္ဍပ်လေးသည် လှပစွာ ပြည့်စုံသွားတော့သည်။ ရေတိုင်ကီတွေထဲ ရေဆွဲဖြည့်ပြီးကြတော့ ညနေ၅ နာရီပင်ထိုးလေပြီ။"မောလိုက်တာကွာ ရေပိုက်သွယ်လို့ရရင် မိုက်မှာပဲ...မဟုတ်ရင် ငါတို့ အတက်နေ့အထိနေ့တိုင်း ရေဆွဲထည့်နေရရင် သေရချည်ရဲ့"
ကောင်းခန့်က ညည်းညူလိုက်တော့ တိုးတိုးက ရယ်သည်။
"နေ့တိုင်းမပက်နဲ့ပေါ့ကွ..ရေပက်ခံလည်း ထွက်ဦးမှပေါ့"
"အေး ဟုတ်တယ်...၂ ရက်လောက် ရေပက်ခံထွက်ကြမယ်"
ထိုအခိုက် ညီမိုးဇော်က လမ်းထိပ်တွင်စတုဒီသာ မဏ္ဍပ်ဆောက်နေသော လေးလေးထွန်းတို့ အဖွဲ့ကိုသွားကူနေရာမှ ပြန်ရောက်လာသည်။
"ကိုညီ ဘယ်လိုလဲ ပြီးခဲ့ပြီလား...ကျွန်တော်တို့တောင် ရေချိုးပြီးရင် လာခဲ့မလို့"
တိုးတိုးက ကိုညီ့အား ဆီး၍မေးသည်။
"ပြီးသလောက်ရှိပါပြီ ကွာ...လေးလေးထွန်းတို့တော့ ကျန်ခဲ့သေးတယ် သွားကြည့်ကြလေ မင်းတို့"
"အင်း ရေးချိုးပြီးမှ သွားမယ်"
"အမယ် မင်းတို့ မဏ္ဍပ်က အဟုတ်ပါရော"
YOU ARE READING
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)