ဒီနေ့ စာမေးပွဲ စဖြေရမည့်နေ့ဖြစ်သည်...မေချိုကတော့ အခန်းစောင့် တာ၀န်ကျ၍ စောစောသွားနှင့်ပြီ...
တိုးတိုးက ပြင်ဆင်ပြီးသည်နှင့် ကောင်းခန့်တို့အိမ်ဘက်ကိုထွက်ခဲ့သည်....
"တိုးတိုးရေ သား လာဦး လာဦး ဘုရားလာရှိခိုး"
အန်တီနွယ်က အိမ်ပေါ်ထပ်ပြုတင်းပေါက်မှ လှမ်းခေါ်သည်...တိုးတိုး အိမ်ပေါ်တက်သွားတော့ ကောင်းခန့်က ဘုရားစင်ရှေ့မှာထိုင်နေနှင့်ပြီ...နှစ်ယောက်တူတူဘုရားကန်တော့ပြီးတော့ အန်တီနွယ်က ဘုရားစင်ပေါ်မှ ငွေဖလားလေးကို ယူ၍ အထဲမှရေများကို သပြေခက်နှင့်ဆွတ်ယူကာ တိုးတိုးနှင့် ကောင်းခန့်တို့၏ ခေါင်းများပေါ်သို့ဖြန်းပေးလေသည်...ပါးစပ်မှလဲ ပွစ ပွစိနှင့် ဆုတွေတောင်းပေးနေသေးသည်....
"ကဲ ကဲ သွားကြသွားကြ ငါ့သားလေးတွေ ချောချောမွှေ့မွှေ့ဖြေနိုင်ကြပါစေ"
"ဟဲ့ ကောင်းကောင်းတို့ တိုးတိုးတို့ သွားကြပြီလား"
အိမ်အောက်ထပ်မှ ကြီးကြီးမေ၏ အသံကို ကြားရသည်...
"သွားတော့မလို့ ကြီးကြီးမေ"
ကောင်းကောင်းက လှမ်းအော်ကာ ဆင်းလာကြသည်...
"အတော်ပဲ အတော်ပဲ ငါ့မှာ အမှီပြေးလာရတာအေ...ရော့ရော့..ဒါလေးတွေ၀တ်သွား ငါ့သားနှစ်ယောက်လုံး လွယ်လွယ်ကူကူဖြေနိုင်ကြပါစေ"
ကြီးကြီးမေက တိုးတိုး တို့ လက်များမှာ အဝါရောင်ချည်ကြိုးလေးများကို ပတ်ပေးသည်... ဤသည်ကား လူကြီးများ၏ ထုံးစံပင်ဖြစ်သည်...
"သွားကြ သွားကြ ဟိုမှာ နင်တို့လေးလေးထွန်း လိုက်ပို့ဖို့စောင့်နေပြီ"
စားမေးပွဲရက်များတွင် ကောင်းခန့်တို့အား လေးလေးထွန်းက အကြိုအပို့လုပ်ပေးသည်... ဆိုင်ကယ်ထွက်ခါနီးမှ အမေက အူယားဖားယား ပြေးထွက်လာကာ
"ဟဲ့ ဟဲ့ နေကြဦး..ခဏလေး ခဏလေး...ဒါလေးတွေလွယ်အိတ်ထဲ ထည့်သွားဦး"
"ဟာ...အမေကလည်း သပြေပန်းကြီးတွေ...မထည့်တော့ပါဘူး"
"ထည့်သွားပါ...ဘာအပန်းကြီးလို့လဲ ဒီကလေးကလဲ"
YOU ARE READING
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)