Ep 3 (Z)

5.6K 154 3
                                    

မနက်ဖြန်ဆိုလျှင် သင်္ကြန်အကြိုနေ့ရောက်တော့မည်။
ကောင်းခန့် နှင့် တိုးတိုး တို့ နှစ်ယောက် ရပ်ကွက်ထဲသို့လှည့်ကာ အုန်းလက် ရှာပုံတော်ဖွင့်ကြရ၏။ အိမ်ရှေ့တွင် အုန်းလက်မဏ္ဍပ်ဆောက်ပြီး ရေပက်ကြရန်ဖြစ်သည်။ သုံးလမ်းကျော်မှ ကိုဖိုးကျော်တို့အိမ်တွင် အုန်းလက်များခုတ်ချ၍ ရပ်ကွက်ထဲမှကလေးများအား အုန်းလက်အလှူပေးနေသောကြောင့် နှစ်ယောက်သား ၀င်ယူလာခဲ့ကြသည်။

"ဟယ်! ကောင်းကောင်းတို့ အုန်းလက်တွေရခဲ့ပြီလား"

ကောင်းခန့်တို့ခြံထဲတွင် မမကလျာနှင့်စကားပြောနေသော မြတ်သန္တာအောင်ကလှမ်းမေးသည်။

"မရခဲ့ဘူး... ဒါတွေက ငှက်ပျောရွက်တွေ"

ကောင်းခန့်က မြတ်သန္တာအောင်အားရွဲ့ပြီးဖြေလိုက်သည်

"သေနာကောင်လေးကလည်း"

"အုန်းလက်ကြီးဆွဲတာမြင်ရဲ့သားနဲ့မေးနေပြီးတော့"

မြတ်သန္တာအောင်က ကောင်းခန့်တို့ထက်တစ်တန်းငယ်ပေမယ့် ငယ်ငယ်ကတည်းက တစ်ရပ်ကွက်တည်းအတူတူကြီးပြင်းလာခဲ့ကြသူများမို့ ရွယ်တူတွေလိုပင်ပြောဆိုကြသည်။

"လမ်းထဲလည်းလူသိပ်မလာဘဲနဲ့ လမ်းထိပ်မဏ္ဍပ်မှာသွားကစားကြပါလားနင်တို့တွေ"

မမကလျာက အိမ်ရှေ့တွင်မဏ္ဍပ်ဆောက်ရန်ပြင်နေကြသော ကောင်းခန့်တို့ကိုလှမ်းပြောသည်။

"ညနေဘက်ဆိုလာကြပါတယ်... ကလေးတွေဆော့ရတာပေါ့"

လူကြီးတွေကစိတ်မချသဖြင့် လမ်းထိပ်အထိသွား၍ရေကစားခွင့်မရသော ကလေးများအတွက်တော့ ကောင်းခန့်တို့ဆောက်ပေးထားသည့် ရေကစားမဏ္ဍပ်လေးသည် ကြီးကျယ်ခမ်းနားပါ၏။

"လမ်းထဲပဲဆော့ရအောင်ပါ... ငါတို့လည်းလမ်းထိပ်မှမသွားရတာကို... ဒီနှစ်လည်းယိမ်းကတဲ့အထဲပါချင်တာ ပါးစပ်တောင်မဟရဲပါဘူး"

မြတ်သန္တာအောင်ကပြောတော့ မမကလျာကစိတ်မကောင်းဟန်ဖြစ်သွားသည်။

"အေးဟယ် ငါတို့လမ်းထဲမှာ သင်္ကြန်မကဖူးတဲ့သူမရှိဘူး အိငယ်တို့တောင်ဒီနှစ်ကဖို့ အကတိုက်နေကြပြီ နင်တို့အဖေကြီးကတော့ လွန်ပါတယ်"

The Promise Of SummerWo Geschichten leben. Entdecke jetzt