ဘာလိုလိုနဲ့ စာမေးပွဲကြီးလဲ နီး၍လာပေပြီ...ကောင်းခန့်ရော တိုးတိုးပါစာတွေနှင့် နဘန်းလုံးနေရ၍ အရင်လိုတောင် ဟိုဟိုဒီဒီ တူတူလျှောက်မသွားဖြစ်သည်မှာကြာပြီ...ဒီနေ့ကျောင်းပိတ်ရက် ဖြစ်သော်လည်း အဆောင်ခန်းထဲမှာပင် ကျောင်းသားအားလုံးလိုလိုစာလုပ်နေကြရသည်...
တိုးတိုးက Drawing paper ကြီးတွေနှင့်လုပ်ရသည်မို့ စာကြည့်စားပွဲနှင့်မဆန့်သဖြင့် ကုတင်ပေါ်တွင် ဖြန့်ကာ ခုံပုလေးနှင့်ထိုင်ပြီးလုပ်နေသည်... တိုးတိုးအား ကြည့်ရသည်မှာ သက်တောင့်သက်သာမရှိလှပေ....
တိုးတိုးက ခြေထောက်တဖက်ကို ခုံစွန်းတွင်တင်ကာ ဒူးထောင်၍ထိုင်နေသည်မို့ ၀တ်ထားသောအားစကားဘောင်းဘီတိုက ပေါင်ရင်းသို့ကျနေသည်...
ကောင်းခန့်က ကုတင်ပေါ်တွင်ထိုင်ပြီး ကုတင်ဘေးရှိစားပွဲပေါ်တွင် စာအုပ်များတင်ကာ စာကြည့်နေရင်းမှ မျက်လုံးက တိုးတိုး၏ပေါင်ဆီသို့သာ ရောက်ရောက်သွားသဖြင့် မနည်းစိတ်ကိုစာထဲသို့ စုစည်းပြီးပို့နေရသည်...အတိအလင်းချစ်ကြပြီဆိုတော့လည်း ချစ်ရသူ၏ ဘယ်အစိတ်အပိုင်းကိုပဲ ကြည့်ကြည့် ရင်ခုန်ကာ လူပျိုပေါက်သဘာ၀ မရိုးမယွနှင့် အနေရခက်လှသည်....ကောင်းခန့် ခဏနားကာ အကြောဆန့်လိုက်ပြီး နေရမှထ၍ တိုးတိုး၏ပုခုံးကို နှိပ်ပေးရင်း ဇက်ကြောဆွဲပေးလိုက်သည်...
"အားးး...ကောင်းလိုက်တာကွာ...ဒီနား ဒီနား...အ...မရမ်းကြီးမနှိပ်နဲ့ နာတယ်"
"ခဏ နားပါဦးလား တိုးတိုး မင်းညောင်းနေမှာပေါ့"
"အင်း.... ကောင်းကောင်း ကန်သာဘုရားရှေ့က အကြော်သွားစားရအောင်လေ..၁နာရီလောက်ပဲ"
"ကောင်းသားပဲ သွားမယ်လေ"
"လာ အဲ့ဒါဆို အခုသွားမယ်"
ပြောပြောဆိုဆိုနှင့်တိုးတိုးက စားပွဲပေါ်မှ ပိုက်ဆံအိတ်နှင့် ဆိုင်ကယ်သော့ကိုယူလိုက်ပြီး နှစ်ယောက်သား ကန်သာဘုရားရှေ့မှ အကြော်ဆိုင်သို့ထွက်ခဲ့ကြသည်....
အကြော်က ခုမှစကြော်ကာစမလို့ ခဏစောင့်ရင်း ရေနွေးကြမ်းအရင်သောက်ရသည်...
ŞİMDİ OKUDUĞUN
The Promise Of Summer
Romantizm(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)