-15-

5.9K 454 97
                                    

Unicode

"ညစာ စားပွဲကို ကြွရောက်လာတဲ့ လူတွေ အားလုံးကို ACE ကုမ္ပဏီရဲ့ စီအီးအို ဖြစ်တဲ့ ကျွန်တော် ဦးဆွေသိုက်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အားလုံးပဲ ဒီညကို လွတ်လွတ်လပ်လပ် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ ခင်ဗျာ"

ဖြောင်း..ဖြောင်း..ဖြောင်း..

ဦးဆွေသိုက် တစ်ယောက် အမှာစကား ပြောပြီး သွားတဲ့အခါ လူအများက လက်ခုပ်ဩဘာ တီးကြတယ်။

ထို့နောက် ရောက်လာကြတဲ့ လူတွေကို လိုက်နှုတ်ဆက်နေရင်း သူ့ရဲ့ ငယ်ပေါင်းကြီး ဦးရှိုင်းတခေတ်ကို မြင်လိုက်ရတာကြောင့် ထိုနေရာကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်တယ်။

"ဟော၊ ဘယ်သူများလဲလို့ ဦးရှိုင်းတခေတ်ရဲ့၊ လူတောင်မှားတယ်ဗျာ။ ဒီည တယ်လန်းနေပါ့လား"

မိန်းမ ဖြစ်သူနဲ့ စကားပြောနေတဲ့ ဦးရှိုင်းတခေတ်ကို ဦးဆွေသိုက်က ရွှန်းနောက်နောက်နဲ့ နှုတ်ဆက်လိုက်တယ်။

"မလန်းရပါဘူးကွာ မင်းကလဲ၊ ငါ့မှာ ရှိတာ ထုတ်ဝတ်လာရတာ"

ဦးရှိုင်းတခေတ်က မျက်နှာ ရှုံ့ပြီး ငြင်းဆိုလိုက်တော့ ဒေါ်ဟေသာလင်းက ဝင်ပြောတယ်။

"အမလေး၊ အပိုတွေ ပြောနေပြန်ပြီ။ ပွဲမစခင် သုံးနာရီ အလိုလောက်ကတည်းက 'မိန်းမရေ၊ ငါ့ကို ဟိုဟာလေးရှာပေးဦး။ ဒီဟာလေး ရှာပေးဦး' နဲ့ သူ့မှာ တစ်ယောက်တည်း ပြင်လို့ဆင်လို့ကို မပြီးနိုင်ဘူး။ ဒီလူက အဘိုးကြီးဖြစ်မှ တော်တော် ရွချင်နေတာ ဦးဆွေသိုက်ရေ"

"မိန်းမကလဲ"

ဦးရှိုင်းတခေတ်က ဒေါ်ဟေသာလင်း အနားကို ကပ်ပြီး တိုးတိုးတိုးတိုးနဲ့ ပြောလိုက်တယ်။

"ဟားဟားဟား၊ မင်းတို့ ဇနီးမောင်နှံကတော့ အခုထိ ချစ်ချစ်ခင်ခင် ရှိနေကြတာပဲ"

ဦးဆွေသိုက်က ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ်။

သူကတော့ အခုထိ လူပျိုကြီးပင်။ ဒီအသက်အရွယ် ရောက်မှတော့လည်း မိန်းမ ယူဖို့ စိတ်ကူး မရှိတော့ပါဘူး။ တစ်ယောက်တည်းပဲ အေးချမ်းတယ်။

Always You (Completed)Where stories live. Discover now