-4-

7.2K 609 59
                                    

Unicode

"အလင်း၊ ဒီကိတ်မုန့်က စားလို့ကောင်းတယ်ကွ။ ငါတော့ တစ်ခါမှ ဒီလောက် အရသာရှိတဲ့ ကိတ်မုန့်မျိုး မစားဖူးသေးဘူး"

ပါးစပ်ထဲမှာ ကိတ်မုန့်တွေ ပလုတ်ပလောင်းနဲ့ ငခန့်က လင်းစေရာခေတ်ကို လာပြောတယ်။

အစားဆိုရင် ကောင်းခန့်သူက အမြဲ ထိပ်ဆုံးကပဲ။

"အေး၊ မျိုမျို။ မင်း ကြိုက်ဖို့ အရေးကြီးတယ်"

တကယ်တမ်း ဒီကိတ်မုန့် အရသာကို လင်းစေရာခေတ်လည်း ရင်းနှီးနေတယ်။ အရသာ ကောင်းတာ မှန်ပေမဲ့ သူ တစ်နေရာရာမှာ စားခဲ့ဖူးသလို ခံစားနေရတယ်။

ဘယ်မှာ စားခဲ့ဖူးတာလဲ မသိဘူး။

အခုမှ ပြန်တွေးကြည့်တော့ ဟိုပိုးဟပ်ဖြူလေးက ဒီကိတ်မုန့်ကို လာပို့တဲ့ လူများလား။ သူ သေချာတောင် မမေးလိုက်ရဘူးပဲ။

နေပါဦး။ သူက ဘာလို့ အဲဒီကောင်လေး အကြောင်းတွေးမိနေတာလဲ။

လင်းစေရာခေတ်လည်း ထိုပိုးဟပ်ဖြူလေး အကြောင်း ခေါင်းထဲက အမြန် ရှင်းထုတ်ပြီး ကိတ်မုန့်တွေကို ပါးစပ်ထဲ ထိုးထည့်လိုက်တယ်။

သူ မသိတဲ့ အကြောင်းအရာဆို ဘယ်တော့မှ နှစ်ခါ ပြန်မတွေးဘူး။ သူ့ရဲ့ အဖိုးတန်တဲ့ ဦးနှောက်လေးကို စိတ်ရှုပ် မခံနိုင်ဘူး။

..............................

၁၅ မိနစ်လောက် လမ်းလျှောက်ပြီးတဲ့နောက် ရှင်းခန့်ပိုင် အိမ်ပြန်ရောက်လာတယ်။

ခြံရှေ့ ရောက်တော့ ဘောင်းဘီအိတ်ထဲက သော့ကို နှိုက်ပြီး ခြံတံခါးကို ဖွင့်ဝင်သွားလိုက်တယ်။ ခြံ ဆိုပေမဲ့ အကျယ်ကြီး မဟုတ်သလို ပန်းပင်တွေ ဘာတွေ စိုက်ထားတာမျိုးလည်း မရှိနေဘူး။

အိမ်က နှစ်ထပ်အိမ် အသေးစားလေး ဖြစ်ပြီး အိပ်ခန်းတွေ အကုန်လုံးက အပေါ်ထပ်မှာ ရှိကြတယ်။ သူတို့ သုံးယောက် အတွက် တစ်ယောက်ကို တစ်ခန်းစီ အလုံအလောက် ရှိတယ်။

အောက်ထပ်မှာက ဧည့်ခန်း၊ မီးဖိုချောင်နဲ့ ထမင်းစားခန်းလောက်ပဲ ရှိတယ်။ အိမ်သာက အပေါ်ရော၊ အောက်ရောမှာ ရှိပေမဲ့ ရေချိုးခန်းကတော့ အပေါ်မှာပဲ ရှိတယ်။

Always You (Completed)Onde histórias criam vida. Descubra agora