Chapter (5) လွန်း ရစ်သည့် ကြိုး ...

5.3K 43 0
                                    


လွန်း ရစ်သည့် ကြိုး ...

@@@@@@@@@@

" သား .. ယွန်းလေးကို အိမ်အလည် ခေါ်ခဲ့ဦးလေ။ မေမေ့ ချွေးမလောင်းလေးကို မမြင်ရတာ ကြာပြီ "

" ဟုတ်ကဲ့ မေမေ .. အခုတလော သား အလုပ်များနေလို့ ယွန်းနဲ့တောင် သိပ်မတွေ့ဖြစ်ဘူး။
သား အားတဲ့နေ့ သူ့ကို ခေါ်လာခဲ့မယ်။ မေမေ မှာလိုက်တဲ့ အားဆေးတွေ အခုဝယ်နေတာ။ ဘာထပ် မှာချင်သေးလဲ "

" မမှာတော့ပါဘူး။ မေမေ သောက်နေကြ ဆေးတွေ စုံအောင်သာ ဝယ်ခဲ့တော့ .. ကဲ ဒါပဲနော် .. "

" ဟုတ် မေမေ .. "

အမေ မှာလိုက်တဲ့ ဆေးတစ်ချို့ကို ဆေးဆိုင်မှာ ဝင်ဝယ်အပြီး ဆိုင်သို့ ကျွန်တော် ပြန်လာခဲ့သည်။ ဆိုင်ထဲရောက်တော့ ဝင်းအောင်က ...။

" ပြည့်စိုး .. ရုံးခန်းထဲမှာ မင်းကောင်မလေး ရောက်နေတယ်။ ငါ ဆိုင်(၃)ကို ခဏ သွားလိုက်ဦးမယ် "

" ဟုတ်လား .. ယွန်းက ငါ့ဆီ ဖုန်းလဲ ကြိုမဆက်ဘူး "

" အဲ့ဒါတော့ ငါလဲ မပြောတတ်ဘူး။ သွားပြီဟေ့ .. "

ကျွန်တော် ရုံးခန်းထဲကို ဝင်လိုက်တော့ ယွန်း ကို တွေ့လိုက်ရသည်။ ဒါပေမယ့် စိတ်ထဲမှာ ယွန်းမှ ဟုတ်ရဲ့လားလို့ တွေးမိနေသည်။

" ယွန်း .. "

" ဟိတ် .. ယွန်း မဟုတ်ဘူး လွန်း ပါနော်။ ဟိုနေ့ကလို ဇွတ် မလုပ်နဲ့ဦး .. ဟွန်း "

" အဲ .. ဆောရီး လွန်း .. "

ကျွန်တော် ချက်ချင်းပဲ မျက်နှာကြီး ပူထူသွားသည်။ ဝင်းအောင်က လွန်းကို ယွန်း ထင်နေပုံပဲ။ လွန်းက အဲ့လိုပဲ ယွန်းပုံစံ ဖမ်းတတ်မှန်း ကျွန်တော် တဖြေးဖြေး သိလာသည်။ မဖြစ်ဘူး နောက်ဆို ယွန်းပဲ ဖြစ်ဖြစ် လွန်းပဲဖြစ်ဖြစ် တွေ့တာနဲ့ သတိထားမှ။ ငါ့အဖြစ်ကလဲနော် .. ဘယ်လိုကြီးလဲ။

" ဟိုလေ .. ကျွန်တော် အဲ့နေ့က ယွန်း ရှိနေလို့ လွန်းကို သေချာ မတောင်းပန်လိုက်ရဘူး။
ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် တကယ်ပဲ လူမှားသွားတယ်။
ကျွန်တော့်ကို စိတ်ဆိုးနေမှာပဲနော် .. "

" ဆိုးတာပေါ့ .. ဒီက ရှင်းပြချိန်တောင် မရလိုက်ဘူး။ ကိုပြည့်က ဇွတ်အတင်းကို .......
အာ .. တော်ပြီ အဲ့ကိစ္စ မေ့ထားလိုက်ရအောင် .. ရှက်စရာကြီး .. ဘာမှန်းလဲ မသိဘူး "

" အားနာလိုက်တာဗျာ။ ဒါနဲ့ အခု လွန်းက ဘာကိစ္စရှိလို့ ကျွန်တော့် ဆိုင်ကို လာတာလဲ "

" ကိုပြည့်ပဲ ပြောထားတယ်လေ .. အကူညီလိုရင် အချိန်မရွေး လာတောင်းဆို .. "

" ဟုတ် .. ကျွန်တော် ဘာကူညီပေးရမလဲ လွန်း .. "

" အကူညီကတော့ .. လွန်းကို ပိုက်ဆံ ချေးပါလားဟင် "

" ဗျာ .. "

" ဟုတ်တယ် .. လွန်းကို ၇၅၀ လောက် ချေးပါနော် "

" ဗျာ .. သိန်း ၇၅၀ ပြောတာလား လွန်း .. "

" အာ .. မဟုတ်ပါဘူး .. ၇၅၀ ပါဆိုနေ .. သေချာ မကြားရဘူးလား .. ၇၅၀ ကျပ် .. "

" ဟင် .. ၇၅၀ တည်းနဲ့ လွန်းက ဘာလုပ်မလို့လဲ "

" ဒီလို .. လွန်းက ဒီနားလေးမှာ Bakery သင်တန်းတက်နေတာ။ အဲ့ဒါ သင်တန်းနောက်ကျနေလို့ အိမ်ကနေ အမြန်ထွက်လာတာ။ ပိုက်ဆံအိပ် အိမ်မှာ ကျန်ခဲ့တယ်။ အခု ထမင်းသုပ် စားချင်တာ ပိုက်ဆံ မပါတော့ ကိုပြည့်ဆိုင်က ဒီနားမှာဆိုတာ သတိရပြီး လာချေးတာ "

" သြော် .. ဒါဆိုလဲ လိုလိုမယ်မယ် နှစ်သောင်းလောက် ယူသွားလိုက်လေ။ ၇၅၀ တော့ မလုပ်ပါနဲ့ .. "

" အာ .. မယူချင်ပါဘူး။ ၇၅၀ အတိကျပဲ ချေးချင်တယ် "

ခက်တာပဲ ဘယ်လို ကောင်မလေးလဲဟ။ လူကို ၇၅၀ အတိကျ လာချေးနေတယ်။
ကျွန်တော် ပိုက်ဆံ အိပ်ထဲက တစ်ထောင်တန် တစ်ရွက် ထုတ်ပေးလိုက်သည်။

" လွန်း .. ကိုပြည့်မှာ အကြွေ မရှိလို့ တစ်ထောင်တန် ယူသွားလိုက်နော် "

" ဟင့်အင်း ၇၅၀ အတိကျ လိုချင်ပါတယ်ဆိုနေ .. မရဘူး ၇၅၀ အတိကျပေး "

ကျွန်တော် ဆိုင်ရောင်းကြေးထဲကနေ အနုတ်များရှိမလား ရှာကြည့်သည်။
ခုချိန်မှာ ၅၀ တန်က ရွှေထက်တောင် ရှားနေတယ်မလား။ ဘယ်လိုမှ ရှာမတွေ့။

" လွန်း .. အကြွေ ၂၅၀ က တကယ် မရှိဘူး။ ဒီမှာ ငါးရာတန်ပဲ ရှိနေတယ်။ တစ်ထောင်တန်ပဲ ယူသွားလိုက်ပါလား "

" တော်ပြီ မယူတော့ဘူး .. ထမင်းသုပ်လဲ မစားတော့ဘူး။ ပြောတော့ဖြင့် အချိန်မရွေး အကူညီတောင်းပါပြောပြီး ငွေလေး ၇၅၀ တောင် မချေးပေးနိုင်ဘူး။ ကိုပြည့် မပေးနိုင်ရင် ယွန်းနဲ့ သဘောမတူပဲ နေလိုက်မှာနော် "

" အဲ .. မလုပ်ပါနဲ့ လွန်းရယ်။ ခက်တာပဲ .. ကျွန်တော် ဘယ်လို လုပ်ရပါ့ "

" ဒီလိုလုပ် .. ကိုပြည့် လွန်းနဲ့ လိုက်ခဲ့ပြီး လွန်းကို ထမင်းသုပ်ဖိုး လိုက်ရှင်းပေးကွာ။
ပိုတဲ့ ပိုက်ဆံကို ပြန်ယူလိုက်။ ဒါဆို ၇၅၀ အတိကျ ချေးတာ ဖြစ်သွားပြီ "

" ဗျာ .. "

" မဗျာနဲ့ .. လိုက်မှာလား မလိုက်ဘူးလား ပြော .. "

" ဟုတ် .. လိုက်ခဲ့ပါမယ် "

" ဟီး .. ဒီလိုမှပေါ့ .. လာ သွားစို့ .. လွန်းမှာ ကားပါတယ်။ အပြန်ကျ ကိုပြည့်ကို ပြန်လိုက်ပို့ပေးမယ် "

ကျွန်တော် အူကြောင်ကြောင်နဲ့ လွန်းနောက်ကနေ ပါသွားတော့သည်။ လွန်းရတနာ ဆိုးတယ်ဆိုတာ ဒါမျိုးလား။ ဟူး .. အတော် မလွယ်တဲ့ ကောင်မလေးပဲ။ ယွန်း သတိပေးတာကို ကျွန်တော် အခုမှ သေချာ နားလည်တော့သည်။ တော်တော် ရစ်ပါလား လွန်းရတနာ ...။

လွန်းက လမ်းဘေး ဈေးသည်တွေ တန်းစီပြီး ရောင်းနေတဲ့ လမ်းတစ်ခုနားမှာ ကားရပ်လိုက်သည်။ ထို့နောက် သူစားချင်တဲ့ အထမ်းသည် အသုပ်ဆိုင်နား ကျွန်တော့်ကို ခေါ်သွားသည်။ အသုပ်ဆိုင်ရောက်တော့ ....။

" ဦးလေးကြီး .. ထုံးစံအတိုင်း သမီးကို ထမင်းသုပ် ငါးဖယ်ကြော်လေးနဲ့ ချည်ငံစပ်လေး လုပ်ပေး။
ကိုပြည့်ရော ဘာစားမလဲ .. "

" မစားတော့ပါဘူး လွန်း .. "

" ဘာလဲ .. လမ်းဘေးဆိုင်မှာ မစားချင်လို့လား။ ဟွန်း .. ကြီးကျယ်လိုက်တာ "

" အာ မဟုတ်ပါဘူးဗျာ။ ကျွန်တော် ဗိုက်မဆာလို့ပါ "

" မရဘူး လွန်းကို ခင်တယ်ဆို စားရမယ်။ ဦးလေးကြီး သမီး မှာသလိုပဲ ထမင်းသုပ် နောက်ထပ်တစ်ပွဲ လုပ်ပေးပါဦး "

ဆိုင်ရှင် ဦးလေးကြီးက ထမင်းသုပ် နှစ်ပွဲ ပြင်ပေးလိုက်သည်။

" ရော့ .. စားကြည့် .. ဒီဦးလေးကြီး ထမင်းသုပ်က အရမ်းစားကောင်းတာ။ ကိုပြည့် လျှာလည်သွားမယ် "

ကျွန်တော် လွန်း ပေးတဲ့ ထမင်းသုပ်ကို အားနာနာနဲ့ စားလိုက်သည်။ လွန်း ပြောသလိုပဲ အတော် စားကောင်းသည်။ ငါးဖယ်ကြော်ကလဲ ထုပ်ထုပ်လေး။

" ဘယ်လိုလဲ စားကောင်းတယ်မလား .. "

" အင်း ကောင်းတယ် လွန်း .. "

" ဟိ .. ဒါဆို အားရပါးရ စား .. "

လွန်းက ကလေးတစ်ယောက်လို ပျော်ရွှင်စွာ ထမင်းသုပ်ကို အားရပါးရ စားနေသည်။

" ကိုပြည့် .. ဟင်းရည်လေး သောက်ကြည့် .. ရှယ်ပဲ "

" ဟုတ် .. "

ထမင်းသုပ်က စားကောင်းတော့ ခဏလေးနဲ့ ကုန်သွားလေသည်။ လွန်းကတော့ ထမင်းသုပ်ကို အရသာခံပြီး စားနေတာမို့ မကုန်သေး။

" မစားချင်ဘူးလဲ ပြောသေး .. စားသွားတာ မြန်လိုက်တာ။ ကိုပြည့် တစ်ပွဲကို ၇၅၀ ကျတယ်။ နှစ်ပွဲဆိုတော့ ၁၅၀၀ ရှင်းပေးလိုက်နော် "

ကျွန်တော် ပိုက်ဆံ ၁၅၀၀ ရှင်းပေးလိုက်သည်။ သူပြောတဲ့ ၇၅၀ ဆိုတာ ဒီလိုကိုး။

" ကဲ .. ထမင်းစားပြီးပြီဆိုတော့ .. ဟိ .. အချိုလေးက တည်းချင်ပြန်ရော။ ကိုပြည့် လွန်းကို နောက်ထပ် ၃၀၀ လောက် ထပ်ချေးပါဦးနော် "

" ဟုတ် .. လွန်း ဘာစားချင်လို့လဲ "

" ဟိုနားလေးက ဆန်ချိုအေး အရမ်းကောင်းတယ်။ လာ .. ဆန်ချိုအေး သွားသောက်ရအောင် "

ကျွန်တော်လဲ လွန်း ခေါ်ရာသို့ လိုက်သွားရပြန်သည်။

" အန်တီ ဆန်ချိုအေး နှစ်ခွက် .. သံပရာသီး သုံးစိတ်လောက် ညှစ်ပေးနော် "

လွန်း ပြောတာ အကုန် မှန်သည်။ ဆန်ချိုအေးကလဲ ကျွန်တော် သောက်ဖူးသမျှထဲမှာ အကောင်းဆုံးဖြစ်သည်။ ရှတတနဲ့ ချိုချည်လေး။

" ဘယ်လိုလဲ သောက်လို့ကောင်းလား။ တစ်ခွက်မှ ၃၀၀ ပဲ .. တန်တယ်နော်။ လွန်းက လမ်းဘေး အစားစာတွေ အရမ်းကြိုက်တာ။ အမြဲ မစားဖြစ်ပေမယ့် တစ်ခါတစ်လေ စားချင်လို့ကို တကူးတက လာစားတယ်။ နောက်ပြီး လမ်းဘေးမှာစားရတာ ဝန်ဆောင်ခလဲ မပေးရဘူး။ စားသောက်ဆိုင်တွေဆို စားရတာက နည်းနည်း ဝန်ဆောင်ခက ယူသေး .. Tax ကလဲ ဆောင်ရသေးတယ်လေ "

လွန်း ပြောတာကို ကျွန်တော် သဘောကျမိသည်။ လွန်းက တစ်ခြား မိန်းကလေးတွေလို ပဲ မများပဲ ပွင့်ပွင့်လင်းလင်း နေတတ်သည်။ ယွန်း နဲ့ အတော် တူပါလားလို့ တွေးမိသည်။ တစ်ခါတစ်လေ လွန်းနဲ့ စကားပြောရင် ကျွန်တော့်စိတ်ထဲမှာ ယွန်းလို့ပဲ ထင်နေမိသည်။

" ကဲ .. အချိုလဲ တည်းပြီးသွားပြီ။ ဒီနေ့အဖို့ သာယာသွားပြီ။ အခုလို လွန်းကို လိုက်ကျွေးတဲ့အတွက်
ကိုပြည့်ကို ကျေးဇူးတင်ပါတယ်။ အကြွေးတွေ မှတ်ထားနော် .. နောက်မှ လာရှင်းပေးမယ် "

" ရပါတယ် လွန်းရယ် .. ကျွန်တော် ကျွေးတာပါ။ မပေးပါနဲ့ဗျာ "

" အို .. မရဘူး .. ချေးတာက ချေးတာပဲ။ ပိုက်ဆံ ချေးချင်လို့ ကိုပြည့်ဆီ လာပါတယ်ဆိုနေ .. ပြန်ပေးမှာပဲ "

" ကဲ .. လွန်း သဘောပါပဲ။ ကိုပြည့်တို့ ပြန်ကြတော့မလား .. "

" ဟုတ် .. လွန်း လိုက်ပို့ပေးမယ်နော် "

" ကောင်းပါပြီ လွန်း .. "

ကျွန်တော်တို့ ပြန်မယ်အလုပ် .......။

" ဟဲ့ .. လွန်း .. ဘယ်လာတာလဲ။ အမယ် .. ဒါက ဘယ်သူလဲ .. မိတ်ဆက်ပေးဦးလေ "

ကျွန်တော်တို့ကို စုံတွဲတစ်တွဲမှ လာနှုတ်ဆက်သည်။ သူတို့ကိုမြင်တော့ လွန်းမျက်နှာ တစ်ချက်ပျက်သွားသည်ကို သတိထားလိုက်မိသည်။ လွန်းက ကျွန်တော့်လက်မောင်းကို ရုတ်တရက် ဖက်ကနဲ ဆွဲလိုက်သည်။ ကျွန်တော်လဲ ဘာလဲဟဆိုပြီး ကြောင်သွားသည်။

" ဟယ် ရွှန်းလဲ့ .. နင်နဲ့တွေ့တာ အတော်ပဲ ငါလဲ မိတ်ဆက်ပေးချင်နေတာကြာပြီ။ ဒါ ငါ့ချစ်ချစ်လေ ..
နာမည်က ကိုပြည့်စိုးဟိန်း တဲ့။ ချစ် .. ဒါက လွန်း သူငယ်ချင်း ရွှန်းလဲ့အောင် တဲ့ "

" ဟယ် .. နင်က ရည်းစားရနေပြီပေါ့။ ငါက နင့်ကို အဖြစ်မရှိဘူးထင်နေတာ .. ဟိ .. ဟိ ..
တွေ့ရတာ ဝမ်းသာပါတယ် ကိုပြည့်စိုးဟိန်း "

လွန်း က ကျွန်တော့်လက်မောင်းကို အသာညှစ်လိုက်သည်။ တစ်ခုခုကို အချက်ပြနေတဲ့ သဘော။
ကျွန်တော်လဲ လွန်းဘာလို့ ဒီလိုပြောမှန်း နားမလည်ပေမယ့် အခြေနေအရ အလိုက်သင့် ပြောလိုက်သည်။

" ဟုတ် .. ဝမ်းသာပါတယ် မရွှန်းလဲ့အောင် "

" ကိုပြည့်စိုးဟိန်း .. ဒါက ရွှန်းလဲ့ရဲ့ ချစ်သူ ကိုဇာမဏီ တဲ့။ Electronic ပစ္စည်းရောင်းတယ်။ မြို့ထဲ (၁၈)လမ်းမှာ သူ့ဆိုင်က နာမည်ကြီး Kingdom Electronic ဆိုင်လေ .. ရောက်ရင် ဝင်ခဲ့နော်။ ဆိုင်ကြီးဆိုတော့ ရှာလို့လွယ်တယ် "

" ဟုတ် .. ကျွန်တော်က ဒီနားလေးက မာလာမြိုင်လမ်းမှာ Computer Showroom ဖွင့်ထားပါတယ် "

ရွှန်းလဲ့အောင်က သူ့ချစ်သူ လုပ်ငန်းကို ကြွားဝါတဲ့ လေသံနဲ့ ဂုဏ်ယူပြီး ပြောနေသည်။ စကားပြောပုံကလဲ ဒေါင့်မကျိုး။ လွန်း ဘာလို့ အခုလို ပြောနေလဲ ကျွန်တော် နည်းနည်း သဘောပေါက်သွားသည်။ ဇာမဏီဆိုသူက ...။

" မာလာမြိုင်လမ်းဆိုတော့ .. IT Nation ဆိုင်လားဗျ "

" ဟုတ်တယ်ဗျ .. ကိုဇာမဏီ သိတယ်ပေါ့ "

" အာ .. သိတာပေါ့ဗျာ။ ခင်ဗျားဆိုင်က Computer လောကမှာ နာမည်ကြီးပဲ။ ဆိုင်ခွဲတွေလဲ ရှိတယ်မလား .. ကျွန်တော့် အသိ Computer ဆိုင်တွေက ခင်ဗျားဆိုင်ကနေ ပစ္စည်းယူနေကြလေ။ တွေ့ရတာ ဝမ်းသာတယ်ဗျာ။ နောက်မှ ခင်ဗျားဆီက ပညာယူရဦးမယ်။ ကျွန်တော်လဲ အဲ့ဘက်လိုင်းကို စိတ်ဝင်စားနေတာ ကြာပြီ "

" ဟုတ်လား .. ကျေးဇူးပါဗျာ။ နောက်တော့ အေးအေး တွေ့ကြတာပေါ့။ ကဲ .. လွန်း သွားကြစို့လား။
ကို အလုပ်ကိစ္စတွေ ရှိသေးတယ်။ အားနာပါတယ်ဗျာ ကျွန်တော် အလုပ်လေးရှိသေးလို့ ကျွန်တော်တို့ကို
ခွင့်ပြုပါဦးနော် "

ကျွန်တော်လဲ အနေခက်နေတာမို့ အလုပ်ကို အကြောင်းပြပြီး စကားစ ဖြတ်လိုက်သည်။ ရွှန်းလဲ့အောင် မျက်နှာက နည်းနည်း အပိုးကျိုးသွားသည်။ ကျွန်တော့်ကို အထင်ကြီးသလို ကြည့်နေသည်။ လွန်း ကတော့ ကျွန်တော့် လက်ကိုဖက်ပြီး တစ်ချိန်လုံး ပြုံးနေတော့သည်။

" လွန်း .. နင့်ချစ်ချစ်က ဆရာကြီးပဲ။ နင်က ခုလိုဆိုတော့လဲ ဘယ်ဆိုးလို့တုန်း "

" ဒါပေါ့ဟဲ့ .. ကိုပြည့်က အားလုံးပြည့်စုံတဲ့ ယောက်ျားတစ်ယောက်လေ။ အဟဲ .. နောက်မှပဲ ပြောပြတော့မယ်။ ငါတို့ သွားလိုက်ဦးမယ်။ ကိုပြည့်က အားတာမဟုတ်ဘူး။ အခုတောင် မနည်းကို ခေါ်လာရတာ .. သွားပြီနော် ရွှန်းလဲ့ "

" အင်း .. မိန်းမ .. ညကျ ငါ ဖုန်းဆက်ဦးမယ်။ "

" အေး .. "

လွန်းနဲ့ကျွန်တော် ကားရပ်ထားတဲ့နေရာကို ထွက်လာခဲ့သည်။ ကားပေါ်ရောက်တော့ ..

" လွန်း .. ဘယ်လိုလုပ်လိုက်တာလဲ .. "

" အာ အဲ့ကောင်မက အရမ်းစပ်စုပြီး အရမ်းကြီးကျယ်တာ။ ငယ်သူငယ်ချင်းမို့သာ သည်းခံနေတာ။ ငယ်ကတည်းကဆို လွန်းကို အကုန် လိုက်ပြိုင်တယ်။ လွန်းကိုလဲ အချစ်ရေးမှာ အဖြစ်မရှိဘူး ဘာလေးနဲ့ တစ်ခြားသူငယ်ချင်းတွေနဲ့ အတင်းတုတ်တယ်။ မုန်းစရာကြီး .. အဲ့ကြောင့် အမြင်ကပ်လို့ ကိုပြည့်ကို ချောဆွဲလိုက်တာ။ ဟိ .. စိတ်မဆိုးနဲ့နော် .. အဲ့ကောင်မ မျက်နှာကြီး ဖြစ်သွားလိုက်တာ။ အမယ်လေး ပျော်တာ .. ကျေနပ်တယ် "

" ဟင်း .. လွန်းကတော့ လုပ်လိုက်ရင် ဇွတ်ပဲ။ ကျွန်တော် အတော် နေရခက်သွားတယ်ဗျ "

" ဟိ .. ဆောတီး .. ဆောတီး .. အားကြီး ကျေးဇူးနော် "

ဆိုင်ပြန်ရောက်တော့ ကျွန်တော် အလုပ် လုပ်မရ။ စိတ်ထဲမှာ လွန်းရဲ့ ထူးဆန်းတဲ့ အပြုမူများကို အံ့သြနေမိသည်။ လွန်းရတနာ ကို နားလည်ဖို့ ကျွန်တော် အတော် ကြိုးစားရဦးမယ်။ ယွန်း စိတ်ဓါတ်ကို ကျွန်တော် အသေးစိတ် သိသလောက် လွန်းကိုကျ ဘယ်လိုမှ မခန့်မှန်းတတ် ဖြစ်နေသည်။

လွန်း နဲ့ ပက်သတ်ပြီး နောက်ထပ် ကျွန်တော် ဘာတွေ ကြုံရဦးမလဲ။ ကျွန်တော် သတိရှိရှိနဲ့ နေဖို့တော့လိုသည်။ လွန်းက အလည်မလေး။ ဆိုးလဲ ဆိုးသည်။ ရစ်ချက်ကတော့ မြင်တဲ့အတိုင်းပဲ။ ချစ်စရာလဲ ကောင်းတယ်လို့ တွေးမိသည်။ လွန်း နဲ့ ထမင်းသုပ် စားခဲ့တာကိုတွေးမိပြီး ကျွန်တော် တစ်ယောက်တည်း ရယ်လိုက်မိတော့သည်။

........................။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Onde histórias criam vida. Descubra agora