Chapter (1) မွန်းဆန်းနား Cafe ...

17K 106 5
                                    

                                                          ရင်ဝှက် ကဗျာ

                                                               နိဒါန်း ..

Finger Print ဆိုတာ ပိုင်ရှင်ရဲ့ လက်ဗွေ နဲ့မှ ပွင့်တဲ့ သော့တစ်ချောင်း။ တစ်နည်းပြောရရင် တစ်ခြားသူ မမြင်စေချင်တာကို ကာကွယ်ပေးထားတဲ့ Lock တစ်ခုပေါ့။ ကျွန်တော့်ရဲ့ Finger Print အောက်မှာ ရင်ဝှက် ကဗျာလေးတွေ ရှိနေတယ်။ ဒီကဗျာလေးတွေ ခင်ဗျားတို့ ဖတ်ရှုနိုင်ဖို့ကျွန်တော့်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ပြည့်စိုးဟိန်းရဲ့ Finger Print ကို ကျွန်တော်ကိုယ်တိုင် ခဏလေး ဖွင့်ပေးလိုက်ပါတယ်။ ဘာလို့ ကျွန်တော် ဖွင့်ပေးလို့ရလဲဆို သူ့ကို ကျွန်တော် ဖန်တီးထားတာမို့လေ။ သူသိရင်တော့ ကျွန်တော့်ကို စိတ်ဆိုးမှာ အသေချာပဲ။ မတတ်နိုင်ဘူး ခင်ဗျားတို့ အပန်းပြေစေဖို့ ခဏလေး ဖွင့်ပေးလိုက်ပြီဗျာ။


ကျေးဇူးပြုပြီး ဇာတ်လမ်းထဲက လူတွေကို ကျွန်တော် ဖွင့်ပေးလိုက်တယ်ဆိုတာ ပြန်မပြောပါနဲ့နော်။
ရင်ဝှက် ကဗျာတွေ အကြောင်း သူတို့ သိသွားလို့မဖြစ်ဘူး။ သူတို့မသိအောင် လျှို့ဝှက်ထားတာမို့ပါ။

တောင်းဆိုပါတယ်နော် .. ကျေးဇူးပြုပြီး ............။

ကိုဇန် ..


                                                   အခန်း (၁)


မွန်းဆန်းနား Cafe ...

@@@@@@@@@

ဒီဆိုင်လေးက နာမည်လဲ ဆန်းသလို ဆိုင်အပြင်ဆင်လေးကလဲ အတော်ချစ်စရာကောင်းသည်။ အထူးသဖြင့် ချစ်သူစုံတွဲတွေအတွက် သီးသန့် ကမ္ဘာလေးတစ်ခုလို ဖန်တီးပေးထားတဲ့ ကော်ဖီဆိုင်လေးပေါ့။ နှစ်ထပ်အိမ်လေးကို ကော်ဖီဆိုင်လေးအဖြစ် ရိုးရိုးလေး ပြင်ဆင်ထားတယ်။ ထူးခြားချက်က ဆိုင်အပေါ်ထပ်မှာ ထိုင်ခုံတွေကို တစ်နေရာနဲ့တစ်နေရာ သေချာလေး ခြားပေးထားတယ်။ တစ်နေရာနဲ့တစ်နေရာ သေချာ မမြင်ရသလို .. သေချာလဲ မကြားရဘူး။ ထိုင်ခုံလေးတွေက စုံတွဲခုံလေးတွေဖြစ်ပြီး မီးမှိန်မှိန်လေးကို
မြင်သာရုံလောက်ပဲ ထွန်းပေးထားတာမို့ စုံတွဲတွေ အကြိုက်ဆိုင်လေးပေါ့။ Pop သီချင်း ချိုချိုလေးတွေ အမြဲတမ်း တိုးတိုးလေး ဖွင့်ပေးထားသည်။ ဒါကြောင့် မွန်းဆန်းနား ကော်ဖီဆိုင်လေးက ချစ်သူစုံတွဲတွေအတွက် နားခိုရာ ဆိုင်လေး ဖြစ်နေတော့သည်။

ယွန်း နဲ့ ကျွန်တော် ဒီဆိုင်လေးမှာ ပထမဆုံး ဆုံဖြစ်ခဲ့တယ်။ ဆုံဖြစ်ပုံကလဲ ရိုးရိုးလေးပါပဲ။ ကျွန်တော့် သူငယ်ချင်း ကောင်းစံ တို့ စုံတွဲက ကျွန်တော် နဲ့ ယွန်း ကို မွန်းဆန်းနားမှာ မိတ်ဆက်ပေးခဲ့တယ်။ ကျွန်တော်က ကောင်းစံ ရဲ့ သူငယ်ချင်း၊ ယွန်း က ကောင်းစံရဲ့ ချစ်သူ မြတ်နိုးရဲ့ သူငယ်ချင်းပေါ့။ ကောင်းစံတို့ အတွဲရဲ့ အောင်သွယ်ပေးမှုကြောင့် ကျွန်တော် နဲ့ ယွန်း တို့ ဒီဆိုင်လေးမှာ ပထမဆုံးဆုံဖြစ်ခဲ့တယ်။ ယွန်းကို ပထမဆုံး တွေ့လိုက်တော့ ကျွန်တော် ကောင်းစံကို စိတ်ထဲကနေ အကြိမ်ကြိမ် ကျေးဇူး တင်မိသွားတယ်။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Onde histórias criam vida. Descubra agora