Chapter (20) စပ်စုစိန် ...

2.6K 17 0
                                    


စပ်စုစိန် ...

@@@@@@

သူခိုး လူမိသွားရင် ဘယ်လို ခံစားရလဲ။ ကျွန်တော့်လိုပဲ ခံစားနေရမလား။ ကျွန်တော်က သူခိုးတစ်ယောက်။ အချစ်ကို ခိုးခဲ့မိတဲ့ သူခိုးတစ်ယောက်။ မခိုးသင့်မှန်းသိရဲ့နဲ့ ခိုးလိုက်မိတယ်။ မချစ်သင့်မှန်းသိရဲ့နဲ့ ချစ်လိုက်မိတယ်။ အခုတော့ အချစ်သူခိုးမှာ အပြစ်တွေတိုးပြီး ချစ်သူရဲ့ အမုန်းထောင်မှာ တစ်သတ်တစ်ကျွန်း ကျတော့မှာပါလား။ ကျွန်တော့် စိတ်တွေ အောက်ဆုံးထိ ထိုးကျနေပြီ။ ဘာလုပ်လုပ် စိတ်မပါ။

သင်္ကြန်ပြီးလို့ နှစ်ဆန်း (၃)ရက်နေ့ကို ရောက်ခဲ့ပြီပဲ။ အားလုံးက ခုချိန်မှာ မြန်မာ့နှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုနေချိန် ကျွန်တော့်မှာတော့ အခန်းထဲ တစ်ယောက်တည်း ခံစားရင်း အချိန်တွေ အမြန်ကုန်ပါစေလို့ ဆုတောင်းနေမိတယ်။ အချိန်နဲ့အမျှ ခံစားနေရတာ ပင်ပန်းလွန်းပါတယ်။

( ......... )

" ကိုပြည့် "

" မဇင် ပြောပါ "

" မင်းနဲ့ယွန်း ဘာဖြစ်နေတာလဲ။ ငါ အရမ်းသိချင်နေလို့ ဆက်လိုက်တာ။
ငါ့ကို မှန်မှန်ပြောစမ်း .. ငါတို့မသိအောင် မင်းတို့ ရန်ဖြစ်ထားကြလား "

" မဖြစ်ပါဘူး မဇင် .. "

" မင်း မလိမ်နဲ့ကွာ .. တကယ်ဆို အတက်နေ့မှာ မင်းနဲ့ယွန်း အတူရှိနေရမှာ။ ခုချိန်ထိ မင်း ပေါ်မလာဘူး။ ယွန်းကလဲ မင်းအကြောင်းကို အကြတ်နေ့ည ကတည်းက ဘာမှ မပြောတော့ဘူး။ အတက်နေ့ ဘာအစီစဉ်ရှိလဲမေးတော့ ဘာမှ မရှိဘူး .. မသိဘူးပဲ ပြောနေတယ်။ တစ်ချိန်လုံး ငါတို့ကို ရန်တွေ့နေတာ။ မင်းတို့ တစ်ခုခုတော့ ဖြစ်နေတယ်။ ငါသိတယ်နော် .. မလိမ်နဲ့ .. ပြောစမ်း ဘာဖြစ်နေတာလဲ "

" ဟင်း .. ဘာမှ မဖြစ်ပါဘူးဗျာ .. ကျွန်တော် အကြတ်နေ့က ကဲတာ များသွားပြီး ပင်ပန်းသွားလို့
နောက်နေ့ မတွေ့ဖြစ်တာပါ။ ကျွန်တော် အရက်နာကျနေလို့ နောက်မှ ပြန်ခေါ်လိုက်မယ်နော် "

" ဖုန်း မချနဲ့နော် .. ကိုပြည့် .. မောင်လေး .. မင်းကို မမဇင် အရမ်းခင်လို့ ခုလိုမေးနေတာ။ နောက်ပြီး ယွန်းနဲ့ပက်သတ်နေလို့ အရမ်းသိချင်နေတယ်။ မင်း မမဇင်ကို အားလုံးပြောလို့ရတယ်။ အမှန်တိုင်း ရင်ဖွင့်လို့ရတယ်။ မမဇင်ကလဲ မင်းကို အကုန် ရင်ဖွင့်ခဲ့တာပဲ။ အပြန်လှန်ပေါ့ကွာ။ ဒီတစ်ခါ မင်း ခံစားနေရတာကို မမဇင် နားထောင်ပေးပါမယ် "

ရင်ဖွင့်လို့မရဘူး မမဇင်ရယ်။ ခုချိန်မှာ ကျွန်တော် အရမ်း ရင်ဖွင့်ချင်နေတာပါ။ ကျွန်တော်တို့ သုံးယောက်ကလွဲပြီး ဘယ်သူမှ မသိတဲ့ ကိစ္စတစ်ခုကို တစ်ခြားသူကို ပြောလိုက်ပြီး ရင်ဖွင့်လိုက်ချင်ပါတယ်။ တကယ်ပါဗျာ .. ဒါပေမယ့် ကျွန်တော် ပြောလို့မဖြစ်ဘူး မမဇင်ရယ်။

" ကိုပြည့် .. စကားပြန်ပြောဦးလေ .. ဘာတွေ စဉ်းစားနေတာလဲ။ မမဇင်က မင်းကို ခင်သလောက် မင်းက မမဇင်ကို ပြန်မခင်ဘူးနော်။ ရပါတယ်ကွာ .. မင်း မပြောချင်လဲ အတင်းမမေးတော့ပါဘူး။ မမဇင်က မင်းကို ခိုးနမ်းခဲ့တာကအစ အရှက်မရှိပဲ ဝန်ခံခဲ့ရသူပါ။ မင်းကတော့ မမဇင် ပြောတာကို အမြဲနားထောင်ပေးပြီး အနိုင်ကျင့်တယ်နော်။ စိတ်ညစ်သွားရင် မမဇင် တောင်းပန်ပါတယ်။ မင်း ခံစားနေရမယ်ထင်နေလို့
မမဇင်က မင်းစိတ်ပေါ့သွားအောင် ကူညီပေးချင်တာပါ။ ဒါပါပဲကွာ .. "

" ကျွန်တော် နားလည်ပါတယ်ဗျာ။ မဇင်ကိုလဲ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောလို့မဖြစ်ဘူးဆိုတာ တကယ်လို့ မဇင်သာ သိသွားရင် စိတ်ဆိုးမှာဗျ။ ဒေါသထွက်လိမ့်မယ်။ ကုန်ကုန်ပြောမယ်ဗျာ ကျွန်တော့် မျက်နှာတောင် နောက်ထပ် မြင်ချင်မှာ မဟုတ်ဘူးဗျ။ အဲ့လောက်ထိ ဖြစ်နိုင်တာမို့ ကျွန်တော် မပြောပါရစေနဲ့။ မဇင် ကျွန်တော့်အပေါ် သံယောဇဉ် ဘယ်လောက်ရှိလဲ ကျွန်တော် သိပါတယ်ဗျာ "

" ဟာ .. ဘာများလဲ ကိုပြည့်ရယ်။ မင်းက မပြောပါရစေနဲ့ဆိုလေ ငါက ပိုသိချင်လာလေပဲ။ ဘာများဖြစ်ခဲ့လို့ မမဇင်က မင်းမျက်နှာတောင် မမြင်ချင်ရမှာလဲကွာ။ ကိုပြည့်ရယ် ဘာဖြစ်ခဲ့လို့လဲ .. ကဲ .. မမဇင်ကို အကုန်ပြောပြပါနော်။ မမဇင် စိတ်မဆိုးဘူးကွာ။ ကတိပေးတယ်။ လုံး၀ စိတ်မဆိုးဘူး။ နောက်ဆုံး တကယ်စိတ်ဆိုးရမယ်ဆိုရင်တောင် အတတ်နိုင်ဆုံး စိတ်ကိုထိန်းမယ်။ မင်းအပေါ်ထားတဲ့ မမဇင်ရဲ့ စိတ်ကို
မင်း အသိဆုံးပါ မောင်လေးရယ်။ ငါ ထပ်ပြောမယ် မင်းအသိဆုံးပါကွာ .. နော် .. "

အမှန်တိုင်းပြောရရင် ကျွန်တော် မဇင်ကို ဘာတွေဖြစ်နေလဲ ဖွင့်ပြောချင်နေသည်။ ခုချိန်မှာ ကျွန်တော့်အတွက် ရင်ဖွင့်စရာဆိုလို့မဇင် တစ်ယောက်သာ ရှိမယ်ထင်တယ်။ ဒါပေမယ့် မမဇင်က ယွန်းတို့ရဲ့ အဒေါ်တစ်ယောက်။ တစ်နည်းဆိုရင် သူတို့နဲ့ အစ်မတစ်ယောက်လို နေတဲ့သူမို့ ကျွန်တော် ဘယ်လိုနည်းနဲ့ ပြောထွက်မှာလဲ။ ဒါပေမယ့် အပျိုကြီးရဲ့ စကားတွေအောက်မှာ ကျွန်တော် အားနည်းစ ပြုလာပြီ။ ကျွန်တော် ပင်ပန်းနေပြီဗျာ။

တစ်ချိန်လုံး မ ထားရတဲ့ ကျောက်တုံးကြီးကို ခဏလေးဖြစ်ဖြစ် လွှတ်ချလိုက်ချင်သည်။

" မဇင် .. ဖုန်းထဲမှာတော့ ကျွန်တော် မပြောချင်ဘူး။
ပတ်ဝန်းကျင် အေးဆေးပြီး အဆင်ပြေတဲ့ နေရာလေး ချိန်းရအောင်လား "

" အင်း .. ဒါဆို နေဦး .. မင်း .. သာလာဝီပန်းခြံနားက Dream KTV ကို သိလား "

" အင်း .. နာမည်ကြီးမို့ တစ်ခါတော့ ရောက်ဖူးတယ်။
အေးဆေးပြောချင်တာပါဆိုနေ KTV က အေးဆေးလို့လား မဇင်ရဲ့ "

" အေးဆေးတယ်လေ။ အနည်းဆုံးတော့ ကော်ဖီဆိုင်ထက် ပိုလွတ်လပ်ပါတယ်ကွာ။
ဘေးမှာ ဘယ်သူမှလဲ မရှိဘူး။ သီချင်းမဆိုပဲ အေးဆေး စကားပြောလို့ရတာပဲ "

" အင်း .. ဟုတ်ပါတယ် .. ဒါဆိုလဲ KTV ကို အခု လာခဲ့လိုက်မယ် "

" အေး မမဇင်နဲ့က သိပ်မဝေးတော့ ခဏနေ ရောက်မယ်။ စောင့်နေမယ်နော် .. "

" ဟုတ် .. ဒါပဲနော် .. ကျွန်တော် အခုထွက်ခဲ့ပြီ .. "

ဖုန်းချလိုက်ပြီးတော့ ကျွန်တော်လဲ နေချင်သလိုနေ ဖြစ်ချင်သလိုဖြစ်နေတဲ့ ကိုယ့်ပုံစံကို နည်းနည်း သ လိုက်ပြီး အိမ်ကနေ ထွက်လာခဲ့သည်။

......................။

Dream KTV ...

ကျွန်တော် မဇင်ဆီ ဖုန်းဆက်လိုက်ပြီး အခန်းနံပါတ်မေးကာ တန်းဝင် သွားလိုက်သည်။ အခန်းထဲရောက်တော့ မဇင်က ဖျော်ရည်နဲ့ စားစရာ တစ်ချို့ မှာထားသည်။ မဇင်က ကျွန်တော့်ကို မြင်တာနဲ့ ပြုံးပြပြီး နှုတ်ဆက်သည်။

" လာ .. ကိုပြည့် .. မင်းကြိုက်မလားတော့ မသိဘူး။ ငါလဲ လျှောက်မှာထားတာ .. "

" ဘီယာပဲ သောက်ချင်တယ်ဗျာ .. "

" မင်းကလဲကွာ .. နေပါဦး .. အေးဆေး စကားပြောပါရစေဦး .. "

ကျွန်တော် လူခေါ် ဘဲလ် တီးလိုက်ပြီး ဘီယာ ၃လုံး မှာလိုက်သည်။ မဇင်က ကျွန်တော့်ကိုကြည့်ပြီး သက်ပြင်းချနေသည်။

" ဟင်း .. ငါ ရင်တွေ တုန်လိုက်တာ။ ဘာတွေများ ဖြစ်ခဲ့တာလဲ ကိုပြည့်ရယ် "

ကျွန်တော် ဘာမှ ပြန်မပြောပဲ ဘီယာ ၂ခွက် ငှဲ့ကာ မဇင်ကို တစ်ခွက် ကမ်းပေးပြီး တစ်ကြိုက်တည်း တစ်ခွက်ကုန်သည်အထိ မော့ချလိုက်သည်။

" ဖြေးဖြေးသောက်ပါကွာ .. ကဲ .. ပြောပါဦး .. "

" ယွန်း .. ကျွန်တော့်ကို စိတ်နာသွားပြီ မဇင်။ အရမ်း စိတ်နာသွားပြီဗျာ .. မုန်းနေလောက်ပြီ "

" ဘာလို့လဲ .. မင်းက သူစိတ်နာအောင် ဘာလုပ်ခဲ့တာလဲ .. "

" ကျွန်တော် နောက်တစ်ယောက် ထားခဲ့မိတယ် မဇင် .. "

" ဘာ .. "

" ပြောပါတယ် မဇင် စိတ်ဆိုးမယ်လို့ .. ဒေါသပါ ထွက်သွားပြီမလား။ ရော့ .. ထိုးလိုက်ဗျာ .. ရော့ ...
ဟောဒီ အခွက်ကြီးကို အားရအောင်သာ ထိုးလိုက်စမ်းပါဗျာ .. တောက်စ် .. ရော့ဗျာ .. "

ကျွန်တော် ဘီယာ နောက်တစ်ခွက် ကုန်သည်အထိ သောက်လိုက်သည်။ မဇင်က ကျွန်တော့်ကို ဒေါသဖြစ်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေသည်။ သူ့စိတ်ကို မနည်း ထိန်းနေတာဖြစ်မယ်။ ထင်ပါတယ် .. ဒီလိုပဲဖြစ်မယ်လို့ .. ကျွန်တော် ကြိုတွေးပြီးသားပါ။

" ဘာလို့လဲ ကိုပြည့် .. ဘာလို့ မင်း ဒီလို လုပ်ရတာလဲ .. ပြောစမ်းပါဦး .. "

" ကျွန်တော် ဘယ်လိုနည်းနဲ့မှ မရှောင်နိုင်လို့ပါ။ ဟုတ်တယ် .. ဘယ်လိုမှကို ရှောင်ချိန်မရလိုက်ဘူး မမ ရယ် .. မမ .. ကျွန်တော် မှားသွားတယ်။ ကျွန်တော်လဲ အတတ်နိုင်ဆုံး စိတ်ကိုထိန်းခဲ့ပါတယ်။ ဒါပေမယ့် မရဘူးဗျာ .. မရခဲ့ဘူး "

ကျွန်တော် မဇင်ကို အားလုံး ရင်ဖွင့်လိုက်တော့မည်။ စိတ်ထဲမှာ အနီးဆုံး ရှိနေသူလို့ ခံစားနေရပြီး သူ့ကို မမ လို့ပဲ ကျွန်တော် ခေါ်ချင်နေသည်။

" ဘယ်တုန်းကတည်းက မင်းမှာ နောက်တစ်ယောက် ရှိနေတာလဲ။ သူက ဘယ်သူလဲ .. ယွန်းလောက် ချစ်စရာကောင်းလို့လား .. ဟမ် .. ပြောစမ်း ကိုပြည့် .. ငါ့ညီမလေးလောက် ချစ်စရာကောင်းလို့လား။ တောက်စ် .. မင်းကွာ .. တစ်ခြားသူဆိုရင် ငါထိုးပြီးပြီ "

" ချစ်စရာကောင်းလို့ပေါ့ မမ ရယ်။ ချစ်စရာကောင်းလို့ ကျွန်တော် ချစ်မိသွားတာပေါ့ .. "

" အာ .. မင်း ... မင်း ... ဘာလို့လဲကွာ .. "

မဇင်က လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး မျက်နှာလွှဲကာ တရှူးရှူးနဲ့ ဒေါသတွေ ထွက်နေတော့သည်။ ကျွန်တော်လဲ ပူထူနေပြီး ဘီယာကိုပဲ တစ်ခွက်ပြီး တစ်ခွက် သောက်လိုက်သည်။ သုံးခွက်မြောက် သောက်နေတုန်း မဇင်က ကျွန်တော့် ဘီယာခွက်ကို ဆွဲယူလိုက်ပြီး သောက်လိုက်သည်။ ကျွန်တော် မဇင်ရဲ့ ခွက်ထဲသို့ ဘီယာ ငှဲ့ပေးလိုက်သည်။ သူလဲ အတော် ထိ နေပြီ။ ကျွန်တော်လဲ သူ့ကို ဘာလို့ ရင်ဖွင့်မိမှန်း မသိတော့ဘူးဗျာ။

" ငါ့ကို ပြစမ်း .. မင်းကောင်မ မျက်နှာကို ငါမြင်ဖူးချင်တယ်။ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလို့
မင်းကို အပိုင်ခေါ်သွားနိုင်တာလဲ .. ပြစမ်းကွာ မြန်မြန် .. "

ကျွန်တော် ဖုန်းထဲမှာ သိမ်းထားတဲ့ လွန်း ပုံကို မဇင်ကို ပြလိုက်သည်။

" ဒါ ငါ့ညီမပုံလေ .. မင်းကို ပြခိုင်းတာ မင်း နောက်ရည်စားပုံ ပြခိုင်းတာ .. "

" အဲ့ဒါ ယွန်း မဟုတ်ဘူး မမ .. လွန်း ဗျ .. လွန်း ... "

" ဘာ .. "

နောက်တစ်ခါ " ဘာ " သွားလေသည်။ ကျွန်တော်လဲ ဘယ်အချိန် အထိုးခံရမလဲ တွေးရင်း မျက်နှာကို အားတင်းထားပါသည်။

" ဟုတ်တယ် .. ကျွန်တော့် နောက်ရည်းစားက လွန်းဗျ။ လွန်း နဲ့ ကျွန်တော် ယွန်းကွယ်ရာမှာ ချစ်မိနေတယ်။ ဟင်း ..... မမ ရာ .. ကျွန်တော့် စိတ်တွေ မွန်းကြပ်လွန်းနေပြီ။ ထွက်ပေါက်တစ်ခုမှ မရှိတော့ဘူး ထင်တယ်။ ဟားးးးး .. လောကကြီးက ရက်စက်တယ် .. လှနေတဲ့ ဇာတ်လမ်းလေးကို ရုပ်ဆိုးအောင် လုပ်လိုက်တယ်။ လွန်းက ကျွန်တော့်ကို စိတ်ဝင်စားနေတာကြာပြီ။ ဒါကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ရှောင်ခဲ့တယ်။ မရဘူး .. မမ ညီမက ဇွတ်ကလေး .. မမ သိမှာပါ။ နောက်ဆုံးတော့ ကျွန်တော့်ကို
နောက်တစ်ခါချစ်မိအောင် လုပ်သွားတယ်ဗျာ။ ကျွန်တော် ဘယ်လိုမှ မရှောင်နိုင်ခဲ့ဘူး .. အာ .. တောက်စ် .. "

ကျွန်တော် လေးခွက်မြောက်ကို non stop ကစ်လိုက်တော့သည်။ မဇင်က ကျွန်တော့်ကိုကြည့်ပြီး တစ်ခုခုကို စဉ်းစားနေပုံပဲ။

" ဒါဆို .. မင်း နဲ့ လွန်း .. ဘယ်လောက်ထိ ဖြစ်ခဲ့ကြလဲ .. ငါ့ကို အမှန်တိုင်းပြောစမ်း .. "

" တကယ် ပြောရမှာလား .. မမ .. တကယ် သိချင်ရင် ပြောပြမယ်။ ကျွန်တော် နဲ့ လွန်း .... "

မဇင်က ကျွန်တော့် စကားကို မျက်လုံး အဝိုင်းသားနဲ့ နားစွင့်နေသည်။ ကျွန်တော်လဲ စကားကို ခဏရပ်လိုက်ပြီး ဘီယာ သောက်လိုက်သည်။ တကယ်တမ်း ပြောရတော့မယ်ဆိုတော့ ပါးစပ်က ပြောမထွက်တော့ဘူး။ ဒါကြောင့် ဘီယာ သောက်ချင်ယောင် ဆောင်လိုက်သည်။ ဒါပေမယ့် မရတော့ပါ အချိန်နှောင်းသွားလေပြီ။ ကျွန်တော် ဘာပဲဖြစ်ဖြစ် အကုန် ဖွင့်ပြောရတော့မည်။

" ပြောစမ်းဆို .. "

" ကျွန်တော် နဲ့ လွန်း .. မှားခဲ့ပြီးပြီ မမ .. မှားခဲ့ပြီးသွားပြီ .. "

" ဟာ .. ကိုပြည့် .. မင်းကွာ .. လုပ်ရက်လိုက်တာ။ ငါ့ ညီမလေး နှစ်ယောက်စလုံးကို .. အာ .. မင်းကွာ .. တောက်စ် .. "

တကယ် ထိုးပါပြီ။ မိန်းမအားဖို့ သိပ်မနာပေမယ့် နာချင်ယောင် ဆောင်လိုက်သည်။ မဟုတ်ရင် ထပ် ထိုးမှာ သေချာသည်။ ကျွန်တော် နာလိုက်ပါသည်။ ဘေးကို လက်ထောက်လိုက်ပြီး ကျွန်တော် နာလိုက်ပါသည်။ အောက်နှုတ်ခမ်းစမှာ သွေးဆို့သွားလေသည်။ ကျွန်တော် ဟန်မပျက် ပြန်ထိန်းကာ ဘီယာ ဆက်သောက်လိုက်သည်။

" သြော် .. မင်းက ဘီယာ သောက်နိုင်သေးတယ်နော် .. တောက်စ် .. "

" ထိုးပါဗျာ .. နောက်တစ်ခါ မဟုတ်ဘူး .. ထိုး ချင်သလောက် ထိုးလိုက်စမ်းပါ။ ဘီယာတော့ သောက်ခွင့်ပြုပါ မမရယ် .. ခုချိန်မှာ မမ ထိုးတာ ခံဖို့ ဘီယာလေးတော့ မျိုချခွင့်ပြုပါ။ ထိုး .. ကြိုက်သလောက်သာ ထိုး .. ဒါမှ ကျွန်တော် အနာသက်သာမှာ "

" ကိုပြည့် .. မင်း .... ဟင်း ... လွန်း .. လွန်း နင် သိပ်ဆိုးပါလား။ ကိုယ့်ညီမလေး ချစ်သူကိုမှ .. ဟင်း .... လွန်း .. နင်တော့နော် ... "

" ကျွန်တော် မမကို အနူးအညွှတ်တောင်းပန်ပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး လွန်းကို ဘာမှ မလုပ်ပါနဲ့။ သူ့ခမျာ ကျွန်တော့်ကို ချစ်ရတာ အရမ်းပင်ပန်းပါတယ်။ လူမသိ သူမသိ ချစ်ရရှာတယ်။ ခုချိန်ထိ တိတ်တိတ်ပုန်းပဲ ကျွန်တော့်အနားမှာ ရှိနေသူပါ။ သူက ယွန်းကို အရမ်းချစ်တာပါ။ မမလဲ သိမှာပါ။ ယွန်းအပေါ် စိတ်မကောင်းဖြစ်ပြီး တစ်ချိန်လုံး ခံစားနေရသူပါ။ ကျွန်တော် နဲ့ လွန်း သိပ်မတွေ့ဖြစ်ပါဘူး။ အခုဆို ကျွန်တော် လွန်းနဲ့ ချစ်သူလို မနေဖြစ်တာ အတော်ကြာနေပါပြီ။ စိတ်ကို လွှတ်ပေးခဲ့မိလို့ ကျွန်တော်တို့နှစ်ယောက် မှားခဲ့ကြပေမယ့် ခုချိန်ထိ လွန်းက ယွန်းအပေါ်မှာ အစစရာရာ ဂရုစိုက်ပြီး ချစ်နေသူပါ။ မမရယ် .. ကျွန်တော် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး လွန်းကို ဘာမှ မလုပ်ပါနဲ့ .. "

ကျွန်တော် မဇင်ရှေ့မှာ ဒူးထောက်လိုက်ပြီး သူ့လက်ကိုကိုင်ကာ တောင်းပန်လိုက်တော့သည်။ မဇင်က ကျွန်တော့်ကိုကြည့်ပြီး မျက်ရည်များ ကျလာသည်။ ဆိုသံမကြားပဲ တီးလုံးပဲ ထွက်နေတဲ့ ဖန်သားပြင်ကို ငေးမောနေရင်း သူ အတွေးလွန်နေသည်။ ကျွန်တော်လဲ သူ စကားမပြောမခြင်း ဒူးထောက်နေလိုက်သည်။
ခဏနေတော့ ကျွန်တော့်လက်များကို ပြန်ဆုပ်ကိုင်လိုက်ပြီး ...။

" နာသွားလား .. "

" မနာပါဘူး .. မမ စိတ်နာသွားမှာပဲ စိုးရိမ်နေတာ။ မနာပါဘူး မမရယ် .. ကျွန်တော့်အပြစ်က ဒီထက်ပို ထိုက်တန်ပါတယ် "

" ဟုတ်တယ် .. မင်း မနာဘူး ငါ နာသွားတာ။ ဟင့် .. ဟင့် .. ငါ နာသွားတာ ကိုပြည့်။ ဘာလို့လဲ သိလား .. "

" ဟာ မမ .. မငိုပါနဲ့ဗျာ .. "

" ငါ ငိုပါရစေကွာ .. ငါ နာတယ်ဆိုတာ မင်းကို ချစ်မိသူက လွန်း အပြင် နောက်တစ်ယောက် ရှိနေလို့ နာနေတာ .. မင်း သိလား .. ငါက သူများကိုသာ ပြောနေတယ်။ ငါ ကိုယ်တိုင်ကရော မင်းကို ချစ်မိနေတာကွ .. အာ .. ငါ .. ငါလဲ အပြစ်လုပ်မိသူပါ .. ဟင့် .. ဟင့် .. ငါလဲ မှား .. ဟင့် .. "

" ကျွန်တော် သိပါတယ် .. မမ မောနေပြီ ဆက်မပြောနဲ့တော့။ ကျွန်တော် သိလို့ပဲ အခုလို အားလုံး ဖွင့်ပြောတာပေါ့။ မဟုတ်ရင် ကျွန်တော် ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ မမ နဲ့ ကျွန်တော်က တစ်ယောက်ကိုယ်တစ်ယောက် အားလုံးကို ခရေစေ့တွင်းကျကျ သိတဲ့သူတွေပါ။ ဒါကြောင့် ကျွန်တော် ရင်ဖွင့်လိုက်တာပါ။ ကျွန်တာ် သိပါတယ် .. သိပါတယ် မမရယ် "

" ဟင့် .. ဟင့် .. ယွန်းအပေါ်မှာ လွန်းလိုပဲ ငါလဲ တစ်ချိန်လုံး အားနာနေရတာ မင်း သိရဲ့လား။ မင်းကို စတွေ့ကတည်းက စိတ်ဝင်စားခဲ့မိတယ်။ မမဇင် ဘယ်ချိန်မှာ ချစ်မိသွားလဲဆိုတော့ မင်း မမဇင်ရှေ့မှာ ဖိုးတုတ်ထိုးတာ ခံလိုက်တုန်းကပေါ့။ အဲ့ချိန်မှာ မမဇင် မင်းကို ချစ်မိသွားတော့တယ်။ ဒါကြောင့် သင်္ကြန်မှာတုန်းက မင်းကို မနေနိုင်ပဲ နမ်းလိုက်မိတယ်။ ဟင့် ... ငါလဲ လွန်းလို မှားခဲ့သူပါကွာ .. မှားခဲ့သူပါ ... ဟင့် .. ဟင့် .. ငါ ဘာလုပ်ရမလဲ .. ဟင့် .. ဘာလုပ်ရမလဲ မောင်လေးရယ် .. ဟင့် ... ဟင့် ... "

ဇာတ်လမ်းက ဇာတ်ညွှန်းပြောင်းသွားလေပြီ။ ယွန်းနဲ့ ပြဿနာဖြစ်နေတဲ့ ကိစ္စကနေ မဇင်နဲ့ နှလုံးသားရေးရာ ဖြေရှင်းခန်းသို့ ပြောင်းသွားလေပြီ။ ကျွန်တော်လဲ ဘာပြန်ပြောရမှန်းကို မသိတော့ပါဘူး။ မဇင်နား ထိုင်လိုက်ပြီး မဇင် ပုခုံးကို ဖက်လိုက်တော့သည်။ အားပေးချင်တာပါ။ သို့သော် မဇင်က ကျွန်တော့် ရင်ခွင်ထဲ ခေါင်းတိုးကာ အားရပါးရ ငိုလိုက်တော့သည်။ ကျွန်တော် Remote ယူလိုက်ပြီး သီချင်းသံ နည်းနည်း ကျယ်လိုက်ရသည်။

ကျွန်တော် ခံစားနေရတဲ့ ဝေဒနာက သီးသန့် .. အခု ကြုံတွေ့နေရတဲ့ အဖြစ်က မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက်တွေကို နားထောင်နေရသည်။ ကျွန်တော် မဇင်ကို သနားမိပြန်ပြီ။ ဒီတစ်ခါတော့ ငါ မမှားသင့်တော့ဘူးလို့ အကြိမ်ကြိမ် သတိပေးနေမိသည်။ ကျွန်တော် မမှားပါရစေနဲ့တော့ မဇင်ရယ်။

မဇင်က ကျွန်တော့် အင်္ကျီ ကော်လံစကို တင်းနေအောင် ဆုပ်ကိုင်ထားရင်း အရှိုက်မပြတ် ငိုနေတော့သည်။ သူ့စိတ်ထဲမှာ မျိုးစုံ ခံစားနေရမှန်း ကျွန်တော် သိပါတယ်။ ညီမ နှစ်ယောက်နဲ့ ချစ်သူဖြစ်နေလို့ ကျွန်တော့်ကို အမြင်ကပ်သွားတဲ့ ခံစားချက်က တစ်ခု၊ ကိုယ်တိုင်က ကျွန်တော်အပေါ် ချစ်မိနေလို့ အပြစ်ရှိသူလို ခံစားနေရတာ တစ်မျိုး ၊ အပျိုကြီးမို့ အရာအားလုံးကို လျှို့ဝှက်ပြီး နေလာခဲ့ရတဲ့ ခံစားချက်က တစ်ဖုံ ၊ နည်းမျိုးစုံ ခံစားနေရမှန်း ကျွန်တော် နားလည်နေသောကြောင့် .....။

" မမ .. တိတ်ပါတော့နော် .. ကျွန်တော့်ကို တကယ် ချစ်မိသွားတာလား "

မဇင်က ကျွန်တော့်ကို မော့ကြည့်ရင်း ...။

" ဟုတ်တယ် .. "

" ကျွန်တော် ဘာလုပ်ရမလဲ မမ .. မမတို့ ညီအစ်မတွေပေါ် အပြစ်တွေ တစ်ခုပြီး တစ်ခု လုပ်ခဲ့မိပြီ။ ကျွန်တော် မမကို နားလည်ပါတယ်။ ဒါပေမယ့် .. ကျွန်တော့်ဘဝမှာ ယွန်း နဲ့ လွန်း နဲ့တင် ခံစားမှုတွေက စုံခဲ့ပြီ။ အခု ကျွန်တော် နောက်ထပ် ချစ်ရမှာ ကြောက်နေတယ်။ မမကို သနားပေမယ့် ကျွန်တော် မချစ်ရဲတော့ဘူး မမရယ်။ ခုချိန်မှာ ကျွန်တော် မမ ကို .. ချစ်ချင်ပေမယ့် .. ချစ်ချင်ပေမယ့် .... "

မဇင်က ကျွန်တော့် နှုတ်ခမ်းများကို လက်ဝါးနဲ့ အုပ်လိုက်ပြီး .....။

" မချစ်နဲ့ .. မမဇင်ကို မချစ်ပါနဲ့ .. လုံး၀ မချစ်ပါနဲ့နော်။ မမဇင် မင်းအချစ်ကို တောင့်တခဲ့ပေမယ့် မယူရဲပါဘူး။ မမဇင်ရဲ့ ခံစားချက်ကို မင်း သိတယ်ဆိုရင် ကျေနပ်ပါပြီ။ မမဇင်ကို မချစ်ပါနဲ့ ကိုပြည့်ရယ် .. မမဇင် တောင်းပန်ပါတယ် "

" မမ .. "

" ဟင် "

ကျွန်တော် မဇင်ရဲ့ နှုတ်ခမ်းများကို နမ်းလိုက်တော့သည်။ ဒီအချိန်မှာ ကျွန်တော် ဘာကိုမှ ထိန်းချုပ် မထားချင်တော့ပါ။ မှားသွားပြီလား .. မမ။ မှားသွားပြီဆိုလဲ နှစ်ကိုယ်ကြား ဖြစ်တတ်တဲ့ အမှားလေးတစ်ခုလို့ပဲ သတ်မှတ်ပြီး ဗွေမယူပါနဲ့တော့ မမ ရယ်။ ကျွန်တော်နဲ့မမက ရင်ဖွင့်ဘက်တွေပါ။ ကျွန်တော်လဲ မမကို ရင်ခုန်မိသူပါ။ ဘယ်သူမှ မမြင်နိုင်တဲ့ အဖြူရောင် အမှားလေးအဖြစ် တိတ်တခိုးလေး မှားကြစို့လား မမ ရယ်။

ကျွန်တော် နမ်းပြီးတဲ့အခါ မဇင်က ကျွန်တော့်ကို ဂရုနာအပြည့်နဲ့ စိုက်ကြည့်နေသည်။ သူ့အကြည့်တွေကို ကျွန်တော် ကောင်းကောင်း ဘာသာပြန်တတ်နေပြီ။ ကျွန်တော်နဲ့ မဇင်ကြားမှာ ခိုင်မာလွန်းတဲ့ သံယောဇဉ်ကြိုးလေး ရစ်ပတ်လို့နေလေပြီ။

" မမ .. မောင့်ကို ခွင့်လွှတ်ပါ .. "

ကျွန်တော် နောက်တစ်ကြိမ် နမ်းလိုက်သည်။ မဇင်က မျက်လုံးမှိတ်ထားပြီး ကျွန်တော့် ကော်လံစကို တင်းနေအောင် ဆုပ်ကိုင်ထားရင်း .........။

" ကိုပြည့် .. မမ ကို ပြန်ခွင့်ပြုပါတော့နော် .. "

ကျွန်တော် ခေါင်းခါ ပြလိုက်သည်။ မဇင်က သက်ပြင်းချလိုက်ပြီး ဆုပ်ကိုင်ထားသော ကော်လံစကို လွှတ်လိုက်သည်။ သူ့လက်များက သွေးဆို့နေသော ကျွန်တော့်နှုတ်ခမ်းကို ပွတ်သပ်လိုက်ပြီး ..။

" နာနေလားဟင် .. "

" မနာပါဘူး ... နောက်ဆို မောင့်ကို မထိုးခင် အရင်နမ်းပေးပါနော် "

" သြော် .. ဘယ်လို .. မောင်တဲ့လားကွယ်။ လွန်း မင်းကို ချစ်မိသွားတာ မမ မအံ့သြတော့ပါဘူး မောင်ရယ် .. "

မဇင်က ကျွန်တော့် ပါးနှစ်ဖက်ကို ကိုင်ကာ သူ့နှုတ်ခမ်းများဆီသို့ ကျွန်တော့်ကို ခေါ်ဆောင်သွားပါတော့သည်။

သူလဲ တစ်ချိန်လုံး မ ထားရတဲ့ ကျောက်တုံးကြီးကို လွှတ်ချလိုက်လေပြီ။

..................။

အချစ်ဘဏ်

***********

ရှိနေတဲ့ အချစ်လေး
ပျောက်ပျက်မသွားအောင်
မမဆီမှာ ခဏလောက်
အပ်ထားပါရစေနော်။

အတိုးလေး ပုံမှန်တက်ပြီး
အရင်းလေး ပွားခဲ့တာမို့
ကျေးဇူးတင်ပါတယ် မမ ရယ်။

အချိန်တန်လို့ ပြန်ထုတ်မိရင်
အတိုးအရင်းပေါင်းပြီး ..
ကျွန်တော် ပြန်အပ်ပါ့မယ်။

မမရဲ့ နှလုံးသား ဘဏ်တိုက်မှာ
ကျွန်တော့် အချစ်တွေကို
သင့်တော်သလို
နေရာလေး စီစဉ်ပေးလိုက်ပါ။

အနည်းဆုံး တစ်နှစ်မှာ
တစ်ခါလောက်တော့ ..
ကျွန်တော့်ကို ပြန်ထုတ်ခွင့်ပြုပါနော်။


( PSH ရဲ့ ရင်ဝှက် ကဗျာ မှတ်တမ်းမှ ... )

..................။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Hikayelerin yaşadığı yer. Şimdi keşfedin