ရောင်စုံ သင်္ကြန် ...
@@@@@@@@
သင်္ကြန်အကြတ်နေ့။
" ပြည့်စိုးရေ .. သွားမယ်ဟေ့။ အန်တီ မတွေ့ရတာတောင်ကြာပြီ နေကောင်းလားဗျ "
" ကောင်းပါတယ်ကွယ် .. သားတို့ သတိထားသွားဦးနော်။ သားရေ .. ဝင်းအောင်တို့ ရောက်နေပြီ "
" ဟုတ် .. အမေ .. လာပြီ။ ကဲ အမေ သွားလိုက်ဦးမယ်။ ညကျမှ ပြန်လာတော့မယ်နော် "
" အေးအေး .. ယွန်းတို့ ညီအစ်မတွေကိုလဲ သေချာဂရုစိုက်နော် "
" ဟုတ်ကဲ့ပါ .. "
ဝင်းအောင်က သူ ငှားထားတဲ့ ဂျစ်ကားနဲ့ ရေပက်ခံထွက်ဖို့ လာခေါ်သည်။ ကားပေါ်မှာ ကားဆရာရယ်
အမျိုးသားတစ်ယောက် နဲ့ အမျိုးသမီး နှစ်ယောက်ပါသည်။ ကျွန်တော် ကားပေါ်တက်လိုက်သည်။
" ပြည့်စိုး .. ဒါ ငါ့ ငယ်သူငယ်ချင်းတွေပဲ။ သူက စိုးထိုက် ၊ ဒီနှစ်ယောက်က ရူပါထွန်း နဲ့ တင့်တင့်ခိုင် တဲ့။
ငါတို့လဲ အခုမှ ပြန်တွေ့ကြတာ။ မစုံတာလဲ ကြာပြီ။ ကဲ .. အားလုံး ပျော်ပျော်ပါးပါးပေါ့ကွာ။ ကားဆရာရေ မောင်းဗျို့ .. "
ကျွန်တော် ကားပေါ်က လူတွေကို ပြုံးပြကာ နှုတ်ဆက်လိုက်သည်။ ကျွန်တော်တို့ ယွန်းတို့ ညီအစ်မသုံးယောက်ကိုခေါ်ဖို့ ယွန်းတို့ အိမ်ဘက် မောင်းလာကြသည်။ ယွန်းတို့ အိမ်ရောက်တော့ .....။
" ယွန်းရေ .. "
" လာပြီ။ မဇင် တံခါးတွေ သေချာပိတ်ဦးနော် "
" အေးပါ .. လွန်းရေ တံဘတ်တွေ ပါတယ်နော်။ အဲ့ဒါ အရေးကြီးတယ်။ မီးသတ်ပိုက်နဲ့ထိုးရင် သေအောင် ခံရမှာ "
" ပါတယ် မဇင် .. ဒီမှာ အထုပ်လိုက် ထည့်လာတယ် "
ယွန်းတို့ ညီအစ်မ သုံးယောက်ရဲ့ သင်္ကြန်ဖက်ရှင်ကို မြင်ပြီး ကျွန်တော် သဘောကျသွားသည်။ အထူးသဖြင့် မိန်းကလေးပုံစံ ဖြစ်နေသော မဇင်ရဲ့ သင်္ကြန်ဖက်ရှင်ပေါ့။ မဇင်က အရင်လို နို့မပြားတော့ပဲ ဖုဖောင်းနေလေပြီ။ ယွန်းက အဖြူရောင် အနွေးထည်ပါးပါးလေး နဲ့ လွန်းက အပြာရောင် အနွေးထည်လေးခြုံပြီး၊ မဇင်က အဝါရောင် အနွေးထည်နဲ့ပေါ့။ မျက်လုံးထဲ ဆေးရောင်စုံ လှပနေတော့သည်။ လွန်းနဲ့ယွန်းက ကွာတားဘောင်းဘီဆင်တူလေးတွေနဲ့မဇင်က ဂျင်းဘောင်းဘီ အရှည်နဲ့။ ကျွန်တော်လဲ သူတို့ကို မြင်တာနဲ့ လိုအပ်တာ ကူလုပ်ပေးပြီး အားလုံး ကားပေါ်တက်ကာ သင်္ကြန်ရေ အပက်ခံဖို့ ပျော်ရွှင်စွာ ထွက်လာခဲ့သည်။
" ကဲ .. အားလုံးပဲ နောက်မှ မိတ်ဆက်ကြတော့။ ဝင်းအောင် .. ဒါ ယွန်းရဲ့ အစ်မတွေပဲ။
နေ့လည် အေးဆေး နားတော့မှပဲ မိတ်ဆက်ပေးတော့မယ်။ အခု ငါတို့ ဘယ်သွားမလဲ .. "
" ကန်တော်ကြီးဘက် ဒိုးရအောင်။ အဲ့ဘက်မှာ မဏ္ဍပ်တွေ ပေါတယ်။ အဲ့မှာ ရေပက်ခံရင်း
နေ့လည်ကျ ကန်တော်ကြီးထဲမှာပဲ နားကြတာပေါ့။ ကားဆရာရေ ကန်တော်ကြီးဗျို့ .. "
ယွန်း နဲ့ လွန်းက ကျွန်တော့် ဘေးတစ်ဖက်စီမှာ ရပ်နေသည်။ မဇင်ကတော့ လွန်း ဘေးမှာ ရပ်လိုက်သည်။ ဝင်းအောင်တို့ အုပ်စုကတော့ ကားရှေ့ပိုင်းမှာပေါ့။ ကျွန်တော်တို့ ကန်တော်ကြီးဘက်ကို မောင်းလာပြီး မဏ္ဍပ်တစ်ခုတွေ့တိုင်း ခဏရပ်ကာ ရေပက်ခံကြသည်။
ယွန်းက ရေပက်ခံရတော့မယ်ဆိုတာနဲ့ ကျွန်တော့်ရင်ခွင်ထဲ တိုးကာ ရေကာသည်။ ယွန်းကို ဖက်ထားရတဲ့အချိန်ဆို ကျွန်တော် လွန်းကို အားနာနေမိသည်။ မဇင်က လွန်းကို ဖက်ထားပြီး ရေကာသည်။ ဝင်းအောင်တို့အုပ်စုကတော့ ကားပေါ်မှာပါလာတဲ့ ရေခဲရေဖြင့် အပြန်လှန် ပြန်ပက်ရင်း အော်ဟစ် ပျော်ရွှင်နေကြသည်။ အုံးအုံးဒိုင်းဒိုင်း သင်္ကြန် သီချင်းသံများနဲ့အတူ သင်္ကြန်ရဲ့ အထိတွေ့ကို ကျွန်တော်တို့
ပျော်ပျော်ကြီး ကခုန် ကြိုဆိုလိုက်သည်။ မဏ္ဍပ် ၅ ခုလောက် ဖြတ်ပြီးသွားတော့ ကျွန်တော်တို့လဲ ချမ်းတုံနေလေပြီ။ ခဏနေတော့ ရှေ့မှာ မီးသတ်ပိုက်တွေနဲ့ အားရပါးရ ထိုးနေတဲ့ အဖွဲ့ကို မြင်လိုက်သည်။
" ရှေ့မှာ မီးသတ်ပိုက်ဟေ့။ မိန်းကလေးတွေ အလယ်ကိုလာ။ ငါတို့က အပြင်ကနေ ကာပေးထားမယ် "
ဝင်းအောင်က သတိပေးလိုက်လို့ မိန်းကလေးများ ကားအလယ်ကို စုထိုင်လိုက်ကြသည်။ လွန်းက အသင့်ပါလာသော တံဘတ်တွေထုတ်ပြီး ရေကာဖို့ ပြင်ဆင်တော့သည်။ ကျွန်တော်တို့ ယောက်ျားလေး သုံးယောက်က တစ်ဖက်စီ ကာပေးထားလိုက်သည်။
" ဟာ .. အလန်းလေးတွေ .. ထိုးဟေ့ .. ဟေ့ကောင်တွေ .. ဒီမှာလာထိုးဟ .. ဟား .. "
မီးသတ်ပိုက်ဆရာများက အားရအောင် ထိုး လေပြီ။ ရေအား အရမ်းပြင်းတာမို့ ကျွန်တော်တို့မှာ ကျောကော့အောင် ခံရသည်။ ကျွန်တော့်မှာ ယွန်း နဲ့ လွန်းကို လူမမှားအောင် သူတို့ဝတ်ထားတဲ့ အင်္ကျီအရောင်တွေနဲ့ မှတ်ထားရသည်။ မဟုတ်လို့ မှားဖက်မိရင် ဒုက္ခ။ ကျွန်တော် ယွန်းကို ဖက်ထားလိုက်သည်။ မီးသတ်ပိုက် အဖွဲ့တွေက တန်းစီပြီး ရှိနေတာမို့ တော်တော်နဲ့ မပြီးနိုင်။ ကြာလာတော့ ကျွန်တော်တို့လဲ မနေနိုင်တော့လို့
မိန်းကလေးတွေနဲ့အတူ ထိုင်လိုက်ပြီး သူတို့တံဘတ်တွေအောက် ဝင်တိုးရတော့သည်။ ရေတွေကြားမှာ အားလုံးက ဘာမှ မသဲကွဲ။ မျက်လုံးပင် မဖွင့်နိုင်ပဲ ရေပိုက်ထိုးတာကို ခံနေရသည်။
ထိုစဉ် ကျွန်တော့်ပါးတစ်ဖက် အနမ်းခံလိုက်ရသည်။ အနမ်းခံရတာ သေချာသည်။ ယွန်း နမ်းတာပဲလို့ ထင်လိုက်သည်။ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ယွန်းခေါင်းကို ကျွန်တော် လက်နဲ့ဖိပြီး ကာထားသည်။ ယွန်း မဖြစ်နိုင်ဘူး .. တစ်ချိန်လုံး ကျွန်တော့်လက်အောက်မှာ ရှိနေတာ။ ဒါဆို ဘယ်သူလဲ။ လွန်း ဖြစ်မယ်ထင်တယ်။ ဟင် .. လွန်းက ငါနဲ့တစ်ယောက်ကျော်မှာ။ မဖြစ်နိုင်ဘူး .. ဒါဆို ငါ့ဘေးနားကပ်နေတာ မဇင်ပဲ။ မဇင်လား .....။
ကျွန်တော် စဉ်းစားမနေတော့ပဲ မျက်လုံး ပြန်မှိတ်ထားလိုက်သည်။ နောက်တစ်ကြိမ် အနမ်းခံရပြန်လေသည်။ ကျွန်တော် ချက်ချင်းကြည့်ပေမယ့် သေချာမမှီလိုက်ပြန်ဘူး။ မဇင်က ကျွန်တော့်လက်မောင်းကို ဖက်ထားပြီး မီးသတ်ပိုက်ကို ကာကွယ်နေသည်။ စိတ်ထဲ အူယားနေပြီ။ ဘယ်သူလဲ။
ဒီတစ်ခါတော့ အမိဖမ်းမယ်ဆိုပြီး မျက်လုံး မှိတ်ချင်ယောင်ဆောင်လိုက်သည်။ ဖတ်ကနဲ လာနမ်းပြန်သည်။ တရားခံ မိလေပြီ။ ရေတွေကြားမှာ ကျွန်တော် နဲ့ မဇင် အကြည့်ချင်းဆုံသွားတော့သည်။ အပျိုကြီး ကျွန်တော့်ကို ခိုးနမ်းနေတယ်။ မဇင်က ချက်ချင်းပဲ ကျွန်တော့် လက်မောင်းကို ကိုင်ထားရာကနေ ဖြုတ်လိုက်ပြီး လွန်းကို ဖက်ကာ လွန်းဘက်သို့ မျက်နှာလွှဲလိုက်သည်။ မဇင် .. ဒါ အကြံအကုန်ပဲလား အပျိုကြီးရယ် .....။
မီးသတ်ပိုက်အဖွဲ့ကို လွန်သွားတော့ အားလုံးလဲ အီစောင့်နေအောင် ခံလိုက်ရတာမို့ ကားခဏရပ်ကာ နားလိုက်သည်။ ယွန်းက ကျွန်တော့်လက်ကို တွဲရင်း ပလက်ဖောင်းပေါ်မှာ ရေခါနေသည်။ မဇင်က ကျွန်တော့်ကို လုံး၀ မကြည့်ရဲတော့ပဲ လွန်းအနားမှာပဲ တစ်ချိန်လုံး ကပ်နေသည်။ လွန်းကတော့ ကျွန်တော့်ကို ခဏခဏ ခိုးကြည့်နေသည်။
" အားလုံး အတော်မှ ခံလိုက်ရရဲ့လား .. ဟား .. ငါတို့လဲ ကာပေးတာပဲ။ နင့်မေဂျီးတော် မီးသတ်ပိုက်တွေက မနည်းဘူးဟ .. ပြည့်စိုး .. ငါတို့ နားကြတော့မလား။ ၁၂လဲ ကျော်နေပြီ။ ကန်တော်ကြီးထဲမှာပဲ နေ့လည်စာ စားရင်း နားရအောင်ကွာ "
" အေး ကောင်းတယ်။ ငါလဲ မခံနိုင်တော့ဘူး။ လူက စောက်ရမ်းချမ်းနေပြီဟ .. နည်းနည်းပါးပါး ကစ်မှဖြစ်တော့မယ် "
" အေး သင်္ကြန်မှာ ဘီယာတော့ မသောက်နဲ့ကွာ။ ငါ Black နှစ်လုံး ပါလာတယ်။ အပြင်းပဲ ကစ်ကွာ "
" အေး ငါလဲ အဲ့ဒါပြောမလို့ .. တောက်စ် ချမ်းတာကွာ .. "
အားလုံး ကားပေါ်ပြန်တက်လိုက်ပြီး ကန်တော်ကြီးထဲ မောင်းလာခဲ့သည်။ အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင်အောက်မှာ ကားထိုးပြီး နားလိုက်ကြသည်။ ကျွန်တော် နဲ့ ဝင်းအောင်က နေ့လည်စာ စားဖို့ တစ်ခုခု သွားဝယ်ကြသည်။ ကျန်တဲ့လူတွေကတော့ ရေခါ ရေစစ် နဲ့ ရေခြောက်အောင် လုပ်နေကြသည်။ အပြန်မှာ ထမင်းထုပ်တွေနဲ့အတူ ယွန်းတို့ သောက်ဖို့ ဘီယာ အနည်းငယ်ပါ ဝယ်လာခဲ့သည်။
ကားပေါ်မှာ ဝိုင်းထိုင်လိုက်ရင်း ကျွန်တော်တို့ သောက်ကြ စားကြသည်။ အားလုံးကိုလဲ အချင်းချင်း မိတ်ဆက်ပေးပြီးပြီမို့ မိန်းကလေးများလဲ ရင်းနှီးသွားကာ စကားလက်ဆုံ ကြနေကြသည်။ ခဏနေတော့ ကျွန်တော်တို့ ယောက်ျားလေး သုံးယောက်က ယွန်းတို့နဲ့ ခပ်လှမ်းလှမ်းမှာ တစ်ဝိုင်းဖွဲ့ကာ သောက်လိုက်ကြသည်။ ဝင်းအောင်နဲ့ စိုးထိုက်ကတော့ တစ်ခွက်ပြီးတစ်ခွက် ကစ်ကာ လေပေါနေကြသည်။ မဇင်က ..
တစ်ချက်တစ်ချက် ကျွန်တော့်ကို ခိုးကြည့်နေမှန်း ကျွန်တော် ရိပ်မိသည်။ မမြင်ချင်ယောင်ပဲ ဆောင်နေလိုက်သည်။ ဒဲ့ကြည့်ရင် ရှက်သွားမယ်နော်။
ယွန်းက ကျွန်တော့်နားရောက်လာပြီး ...။
" ကို .. အရက်တွေ အရမ်းမသောက်နဲ့နော်။ တော်ကြာ ကိုတို့ အမူးလွန်ပြီး တစ်ခုခုဖြစ်မှာ ကြောက်တယ် "
" မဖြစ်ပါဘူး .. ချမ်းလို့ နည်းနည်းသောက်တာပါ။ ကိုက အရက်မှ မကြိုက်တာ။ ဒါပေမယ့် ဒီချိန်က ဘီယာနဲ့ အဆင်မပြေဘူး။ ဘီယာက ရှူးခဏခဏ ပေါက်ချင်တော့ သင်္ကြန်နဲ့ မလိုက်ဘူး။ ယွန်းတို့ရော သောက်ပြီးကြပြီလား "
" အင်း .. တစ်ယောက်ကို နှစ်ဗူးဆီတော့ သောက်ပြီးပြီ။ ဟိ .. မနေ့ကလိုတော့ မသောက်ရဲတော့ဘူး။
တော်ကြာ မှောက်သွားရင် ကိုနဲ့အတူ မလည်လိုက်ရပဲ နေမယ် "
" ဟုတ်ပ .. မနေ့က တော်တော်ဆိုးတယ်။ ဘာမှတောင် မပျော်လိုက်ရဘူး သူက မှောက်သွားတယ် "
" ဟီး .. ဆောရီးပါ။ ဟဲ့ .. လွန်း Toilet သွားဦးမလား .. ငါ သွားချင်လို့ လိုက်ခဲ့ပေးဦး "
" အေး လိုက်ခဲ့မယ် "
" ဟဲ့ ငါရော လိုက်ခဲ့မယ်လေ "
" အာ .. လိုက်မနေနဲ့ ညောင်းတယ်။ မဇင်က ခုနကမှ သွားထားတာကို "
လွန်းက ကျွန်တော်တို့နားရောက်လာပြီး ယွန်းနဲ့အတူ Toilet ထွက်သွားသည်။ ကျွန်တော်လဲ ယွန်းတို့ မရှိတော့မှ မဇင်ကို မူးမူးနဲ့ ခဏခဏ ခိုးကြည့်နေမိသည်။ မဇင်က ကျွန်တော် ကြည့်နေတာ သိသည်။ သူလဲ ကျွန်တော့်ကို မမြင်ချင်ယောင် ဆောင်နေပါလား။ မဇင် တစ်ယောက်တည်း ဖြစ်နေပြီ။ ကျန်တဲ့ ကောင်မလေးနှစ်ယောက်က ကန်တော်ကြီးထဲ လျှောက်လည်မယ်ဆိုပြီး ထွက်သွားသည်။ ကျွန်တော် မဇင်နား သွားလိုက်သည်။ အပျိုကြီးကို နည်းနည်းလေးမှ မကလိရရင် မနေနိုင်တဲ့ ကျွန်တော် .. တတ်နိုင်ဘူး သူ စ တာပဲ။
" မမ .. ချမ်းနေတုန်းလား "
" မချမ်းတော့ပါဘူး .. အဲ့လို မခေါ်ပါနဲ့ဆိုကွာ .. မင်းကလဲ "
" ခေါ်မှာပဲ .. ယွန်းတို့မှ မရှိတာ .. ဘာဖြစ်တုန်း "
" ခေါ်ရင်လဲ သတိထားခေါ်ကွာ။ သူတို့ကြားသွားရင် ငါ ရှက်ရဦးမယ် "
" မမက တစ်မျိုးပဲနော် .. ရှက်ချင်ရင်လဲ ဇွတ် .. မရှက်ချင်တဲ့အခါကျ မရှက်ပြန်ဘူး "
ကျွန်တော့်စကားကြားတော့ မဇင်တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဖြစ်လေပြီ။ ကျွန်တော့်ကို လုံး၀ မကြည့်တော့။ တစ်ဖက်ကို လှည့်ကာ ရေညှစ်သလိုလို ဘာလိုလိုနဲ့ ရှက်ရမ်း ရမ်းတော့သည်။ ကျွန်တော်က မူးနေတဲ့ အရှိန်လေးနဲ့ဆိုတော့ တော်ကီက သူ့အလိုလို အော်တိုရိုက်လေပြီ။
" မမ .. ဘာလို့လဲ ... "
" ဘာကိုလဲ ကိုပြည့် .. မမဇင် နားချင်တယ်ကွာ နောက်မှပြောတော့ "
" ဘာလို့လဲလို့ မေးနေတယ်လေ .. ဖြေပါဦး "
" ဘာဖြေရမှာလဲကွ .. မင်း မူးနေပြီထင်တယ်။ သွားတော့နော် ..
ဟိုမှာ မင်းသူငယ်ချင်းတွေ စောင့်နေတယ် "
" မဖြေရင် မသွားဘူး။ ဒဲ့ပဲ မေးတော့မယ်ဗျာ။ ဘာလို့ကျွန်တော့်ကို ခိုးနမ်းရတာလဲ "
" အာ .. ဘယ်မှာ နမ်းလို့လဲ။ ဘာတွေလာပြောနေတာလဲကွာ။
တောင်းပန်ပါတယ် မောင်လေးရယ် .. မမဇင်ကို မရစ်ပါနဲ့တော့ "
" ရစ်တာမဟုတ်ပါဘူး သိချင်လို့ မေးတာပါ။ ကျွန်တော့်ကို ခိုးနမ်းတာ သုံးခါတောင်နော် "
" မနမ်းပါဘူးဆိုနေ .. ငါ့ကို ဘာတွေလာမေးနေတာလဲ .. သွားတော့ဆို "
" တကယ် မနမ်းခဲ့ဘူးလား "
" အင်း .. "
" သေချာတယ်နော် .. "
" သေချာတယ် မနမ်းဘူး "
" ဒါဆို ယွန်းနမ်းတာဖြစ်မယ်။ ခဏနေ ယွန်းပြန်လာမှ မေးကြည့်ဦးမယ်။ တကယ်လို့ သူနမ်းတာ မဟုတ်ဘူးဆိုရင် ယွန်းနဲ့ ကျွန်တော် ပြဿနာတက်ပြီပဲ။ ယွန်းက တရားခံ ဘယ်သူလဲ သိချင်မှာပေါ့လေ "
" ဟာ .. မမေးနဲ့ .. အာ .. ကိုပြည့် .. ငါ .. ငါ ... "
" ဘာလဲဟင် .. ပြောလေ မမ .. "
" အာ .. ဟို .. ဟုတ်တယ် .. ငါ နမ်းတာကွာ။ ငါနမ်းတာ။ ကိုပြည့် .. မင်းက အဲ့တုန်းက ငါ့ဘေးနားမှာ တစ်ချိန်လုံးရှိနေပြီး ငါ့ကိုရေကာပေးထားတော့ .. ငါ .. ငါ .. ဟင်း .. ငါ့စိတ်တွေ ဘယ်လိုမှ မထိန်းနိုင်ပဲ မင်းကို နမ်းလိုက်မိတယ် "
နောက်ဆုံးတော့ အပျိုကြီး ဝန်ခံလေပြီ။
" ဘာလို့ စိတ်မထိန်းနိုင်တာလဲ "
" ကိုပြည့် .. ဒီလောက်ပြောပြီးရင် တော်တော့ကွာ။ ဟိုမှာ ယွန်းတို့ လာနေကြပြီ။ သွားတော့ .. "
" မမ .. "
" ဘာလဲ .. "
" နောက်မှ ပြောမယ်နော် .. မပြီးသေးဘူး အကြွေးမှတ်ထား "
" အာ .. သွားတော့ဆိုနေ .. "
ကျွန်တော်လဲ ယွန်းတို့လာနေပြီမို့ အသာလေး လှည့်ထွက်လာခဲ့သည်။ မဇင်တစ်ယောက် ကမ္ဘာပျက်နေလောက်ပြီ။ အားနာပါတယ် မဇင်ရယ် .. ကျွန်တော်ဆိုတဲ့ကောင်က ဆိုးပြီဆို ဘယ်သူမှ တားမရဘူးဆိုတာ မဇင် သိလာပါလိမ့်မယ်။
ဝင်းအောင်တို့ဆီ ပြန်သွားလိုက်ပြီး အောင်မြင်တဲ့အပြုံးကြီးနဲ့ ကျွန်တော် နှစ်ပတ်လောက် ထပ်ကစ်လိုက်တော့သည်။ ဝင်းအောင် နဲ့ စိုးထိုက်ကတော့ စော်တွေ လိုက်ငမ်းရင်း သောက်နေကြသည်။ ကန်တော်ကြီးထဲမှာ အနားယူပြီးတော့ ကျွန်တော်တို့ မြို့ထဲဘက်က EDM မဏ္ဍပ်တွေဘက် ပတ်ခဲ့ကြသည်။
မဇင်က ကျွန်တော့်နားကို လုံး၀ မကပ်တော့။ ကျွန်တော်က ဘီယာနှစ်ဗူးကို ဝီသုံးပတ်ရောထားတဲ့ ရေသန့်ဗူးကိုင်ကာ သောက်လိုက် က လိုက်နဲ့ .. သင်္ကြန်ယိမ်းတွေ ဇွတ်ယိမ်းနေတော့သည်။ ယွန်းက ကျွန်တော့်ခါးကို ဖက်ထားပြီး ထိန်းရှာသည်။
ဒီလိုနဲ့ စားသောက်ဆိုင်တစ်ခုမှာ ကျွန်တော်တို့အဖွဲ့ ညနေပိုင်း ခဏနားလိုက်သည်။ နေဝင်တော့မည်။ သင်္ကြန်ကားများလဲ တီးဝိုင်းရှိရာ မဏ္ဍပ်တွေဆီ ပြေးကုန်ကြပြီ။ ကျွန်တော်တို့လဲ ညပိုင်း တီးဝိုင်းရှိရာ မဏ္ဍပ်တစ်ခုမှာ ခဏရပ်ပြီး စတိတ်ရှိုးကြည့်ပြီးမှ အိမ်ပြန်မယ်လို့ တွေးထားသည်။ စားသောက်ဆိုင်ကနေ ပြန်ထွက်လာပြီး မြို့ထဲဘက် အဆိုတော်များ သီဆိုရာ မဏ္ဍပ်တစ်ခုနားတွင် ကားထိုးလိုက်ပြီး စတိတ်ရှိုးကြည့်ကြသည်။ ခဏနေတော့ လွန်းက ကားပေါ်ကနေ ဆင်းသွားပြီး ခပ်လှမ်းလှမ်းမှာရှိတဲ့ အကင်ဆိုင်သို့ အကင်သွားဝယ်သည်။ ယွန်း နဲ့ မဇင်ကတော့ သီချင်းနားထောင်ရင်း ကားပေါ်မှာ ကျန်ခဲ့သည်။
ကျွန်တော်လဲ သူတို့ အာရုံပြောင်းနေတုန်း လွန်းအနားကို မသိမသာ သွားလိုက်ပြီး ....။
" လွန်း .. ပျော်ရဲ့လား "
" အင်း ပျော်တာပေါ့ "
" ကိုက လွန်းကို အားနာနေတာ။ ယွန်းရှိနေတော့ လွန်းကို သေချာ ဂရုမစိုက်နိုင်ဘူးဖြစ်နေတယ် "
ကျွန်တော် လွန်းလက်ကို ကိုင်လိုက်သည်။ လွန်းကို ကျွန်တော် အရမ်းသနားနေမိသည်။
သူ့ခမျာ ကိုယ့်ချစ်သူနဲ့ အတူပျော်ချင်ရှာမှာပဲ။ လွန်းက ကျွန်တော့် စိုက်ကြည့်ရင်း ........။
" ကို .. လွန်းကို တကယ်ချစ်တာလားဟင် "
" ချစ်တာပေါ့ လွန်းရယ်။ တကယ်ပါ .. ယွန်းရှိနေလို့ ကို လွန်းကို စကားသိပ်မပြောဖြစ်တာ။
ညကျ ကို့ဆီ ဖုန်းဆက်ဦးနော်။ ယွန်း အိပ်သွားမှ ခေါ်လိုက်တော့။ ကဲ .. ဝယ်ပြီးပြီလား သွားရအောင် "
ကျွန်တော်တို့ ကားဆီ ပြန်လာခဲ့ကြသည်။ ကားနားရောက်တော့ ကားပေါ်မှာ ရပ်နေတဲ့ ယွန်းက
ကျွန်တော်တို့ကို မြင်တော့ ....။
" ဟဲ့ .. ယွန်း .. အကင်သွားဝယ်တာလား .. ကျွေးဦး "
" ဟင် ... "
ကားပေါ်က အဖြူရောင် အနွေးထည် ဝတ်ထားတဲ့ ယွန်းက အောက်မှာ ကျွန်တော်နဲ့အတူပါလာတဲ့ လွန်းကို .. ယွန်းလို့ ခေါ်လိုက်တော့ ကျွန်တော် လန့်သွားတော့သည်။ ခုနက အကင်ဆိုင်နားမှာ ကျွန်တော်နဲ့ စကားပြောခဲ့တာ လွန်း မဟုတ်ဘူး။ ယွန်း ပါလား။ သွားပြီ ငါတော့ သေပြီ။ ကျွန်တော် သူတို့နှစ်ယောက်ကို အင်္ကျီအရောင်နဲ့ ခွဲမှတ်ထားရသည်။ အခု အင်္ကျီက ပြောင်းပြန် ဖြစ်နေတော့ ကျွန်တော် ဘယ်လိုမှ မခွဲတတ်ဖြစ်သွားသည်။ ကျွန်တော်နဲ့အတူ ပါလာသော ယွန်းက အေးဆေးပဲ ကားပေါ်မှာ သူ့အနွေးထည် အဖြူရောင် ဝတ်ထားတဲ့ လွန်း ကို သူဝယ်လာတဲ့ အကင်တွေ ပေးလိုက်သည်။
" ရော့ .. အကုန်မစားနဲ့ဦး ငါ့အတွက်လဲ ချန်ဦး "
" ယွန်း .. မင်း အနွေးထည်အရောင်က .. "
" ကိုက ယွန်း နဲ့ လွန်းကို အနွေးထည်အရောင်နဲ့ ခွဲမှတ်ထားတာဖြစ်မယ်။ ခုနက စားသောက်ဆိုင်မှာ နားနေတုန်း ယွန်းတို့နှစ်ယောက် အနွေးထည် လဲလိုက်ကြတယ်။ ဒီအနွေးထည် နှစ်ထည်စလုံး လွန်း ဟာတွေလေ။ ယွန်းက သူ့ဆီကနေ ငှားဝတ်လာတာ။ သူက အဖြူရောင်လေး ပြောင်းဝတ်ချင်တယ်ဆိုလို့ ယွန်းနဲ့ လဲလိုက်တာ။ အဲ့ဒါ .. ကို မမြင်လိုက်ဖူးထင်တယ် "
" ဟာ .. ကို .. ကို ... "
" ကို .. ဘာမှ မပြောပါနဲ့တော့။ နောက်မှ ပြောကြတာပေါ့ "
ယွန်းက တည်ငြိမ်စွာနဲ့ပဲ ကားပေါ်တက်ပြီး လွန်းတို့အနား ရောက်သွားသည်။ ကျွန်တော် ကိုယ့်ခေါင်းကို ကိုယ် ခပ်ပြင်းပြင်းရိုက်လိုက်မိတော့သည်။ သွားပြီ ငါတော့ အကြီးကြီး လွဲလေပြီ။ သောက်ထားသမျှ ချက်ချင်းပဲ ယူပစ်သလို ပျောက်သွားတော့သည်။ တစ်ကိုယ်လုံး ပူထူလာပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး။ သွားပြီ .. ငါ မဇင်ကို ရစ်ခဲ့သမျှ ဝဋ်ပြန်ခံရလေပြီ။ လွန်းနဲ့ကျွန်တော့်အကြောင်းကို ယွန်း သိသွားလေပြီ။
အိမ်အပြန်လမ်းမှာ ကျွန်တော် ဘယ်သူ့ကိုမှ စကားမပြောနိုင်တော့ပဲ တစ်ယောက်တည်း ကားနောက်ပိုင်းမှာ ထိုင်ရင်း တိတ်ဆိတ်နေသည်။ အားလုံးက ကျွန်တော် မူးနေတယ်ထင်ပြီး အေးဆေးလွှတ်ထားသည်။ အမှန်က ကျွန်တော် သောက်ရမ်း နေရခက်နေတာ။ အရင်ဆုံး ယွန်းတို့ ညီအစ်မသုံးယောက်ကို အိမ်ပြန်ပို့ပေးခဲ့သည်။ ယွန်းက ကားပေါ်ကဆင်းတော့ ကျွန်တော့်ကို ပြုံးပြပြီး နှုတ်ဆက်သည်။
" ကို .. တာ့တာ "
" ကဲ .. အားလုံးပဲ တာ့တာနော် .. နောက်မှတွေ့မယ်ဟေ့ "
ဝင်းအောင်က ယွန်းတို့ကို နှုတ်ဆက်သည်။ ကျွန်တော်လဲ ဟန်မပျက် နှုတ်ဆက်လိုက်ရသည်။
" တာ့တာ .. ယွန်း .. သွားပြီနော် "
အားလုံးကို နှုတ်ဆက်ပြီး ကျွန်တော်တို့ ယွန်းတို့အိမ်ကနေ ပြန်ထွက်လာကြသည်။
ယွန်းတို့ ညီအစ်မတွေ ကားပေါ်မရှိတော့မှ နည်းနည်း နေသာသွားသလို ခံစားလိုက်ရသည်။
" ဝင်းအောင် .. ဒီကအပြန် ဘာအစီစဉ်ရှိလဲ "
" ကျန်တဲ့သူတွေ ပြန်ပို့ပြီးရင်တော့ ငါ တိုက်ခန်းပြန်တော့မယ်။
ခရီးလဲ ပန်းလာတယ်ဆိုတော့ လက်ကျန်ဖြတ်ပြီး အိပ်တော့မယ်ကွာ "
" အေး .. ငါလိုက်ခဲ့မယ်။ ဒီည ငါ အမူးသောက်ပြီး မှောက်ချင်တယ် "
" ဟ .. ဘယ်လိုဖြစ်တာတုန်း .. အထူးဆန်း .. မင်း အဲ့လောက် မသောက်တတ်ပါဘူး "
" အေး ဒီည သောက်မယ်ကွာ။ အပြင်းချပြီး အမူးသောက်မယ်။ အပြန်ကျ အရက် ဝင်ဝယ်ပေးဦး "
" အိုကေဗျာ .. အဖော်ရှိတော့ ငါလဲ အမူးသောက်ပြီး မင်းနဲ့အတူ လိုက်မှောက်ရုံပေါ့။
ကဲ .. ကားဆရာရေ နီးစပ်ရာ အရက်ဆိုင်မှာ အရက်ဝယ်မယ်ဗျို့ .. "
အရာအားလုံးဟာ ကျွန်တော် တွေးသလို ဖြစ်မလာခဲ့။ အားလုံးဟာ သူ့သဘောနဲ့သူ ကျွန်တော့်ဆီ ရောက်လာပြီး ကျွန်တော့်ကို နည်းမျိုးစုံနဲ့ ခံစားမှုမျိုးစုံ ပေးနေတော့သည်။ ရောက်လာတဲ့ ချစ်ခြင်းတရားတွေကို တစ်ခုမှ မလွန်ဆန်နိုင်ခဲ့တဲ့ ကိုယ့်အဖြစ်ကိုယ်တွေးရင်း ခံပြင်းမှုနဲ့အတူ ဒေါသလဲ ထွက်ခဲ့ရသည်။
တကယ်ဆို ကျွန်တော့်ဘဝမှာ ယွန်းတစ်ယောက်သာ ရှိနေသင့်သည်။ ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းကလဲ ယွန်းနဲ့အတူ ဖြတ်သန်းဖို့ စီစဉ်ထားပြီးသားလေ။
အခုတော့ အဲ့ဒီ မျှော်လင့်ချက်လေး ကျွန်တော့်ဆီကနေ ထွက်သွားတော့မယ်ထင်တယ်။
ယွန်းတစ်ယောက် ကျွန်တော့်ကို ဘယ်လိုမြင်နေပြီလေ။ လွန်းကိုရော သူ ဘယ်လိုထင်သွားပြီလဲ။
တိုက်ခန်းကိုရောက်တော့ ကျွန်တော် ဘယ်သူနဲ့မှ စကားမပြောချင်တော့လို့ ဖုန်းပိတ်ထားလိုက်သည်။
ဘာမှ မတွေးချင်တော့လို့ အရက်ပဲ ဖိသောက်ကာ လောကကြီးနဲ့ အဆက်သွယ်ဖြတ်လိုက်ရတော့သည်။
.........................။
BẠN ĐANG ĐỌC
ရင်ဝှက်ကဗျာ ( Yin Wat Kabyar )
Lãng mạnရင်ဝှက်ကဗျာ က 18+ Erotic Romance Novel ဖြစ်ပါတယ်။ ရသစုံ ခံစားရမယ့် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။ Erotic Novel ဖြစ်တာမို့ sexual pleasure တွေ ပါပြီး အသက်(၁၈)နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် တောင်းဆိုပါတယ်။ ချစ်တတ်တဲ့သူနဲ့ အချစ်ခံရတဲ့သူတွေ အကြောင်းကို လှပ...