Chapter (21) အချစ်နဲ့ မျက်နှာချင်းဆိုင် ...

3.1K 23 0
                                    


အချစ်နဲ့ မျက်နှာချင်းဆိုင် ...

@@@@@@@@@@@@

ကျွန်တော် အကြတ်နေ့ညက ဝင်းအောင်တိုက်ခန်းမှာ အမှောက်သောက်ပြီး နောက်နေ့ ၁၁ နာရီကျော်မှ နိုးခဲ့သည်။ အတက်နေ့မှာ ၀င်းအောင်က မဏ္ဍပ်မှာ ကဲဖို့ ခေါ်ပေမယ့် ကျွန်တော် လိုက်မသွားခဲ့ဘူး။ ဝင်းအောင်ရဲ့ တိုက်ခန်းမှာပဲ အရက်နာကြရင်း တစ်ယောက်တည်း နေခဲ့သည်။ ကျွန်တော့်ဆီကို အမေကလွဲပြီး ဘယ်သူမှ ဖုန်းမဆက်ခဲ့။ ကျွန်တော်ကလဲ ဘယ်သူ့ဆီမှဖုန်းမဆက်ပဲ အကျဉ်းသားတစ်ယောက်လို အခန်းထဲမှာ
ကိုယ့်ကိုကိုယ် ပိတ်လှောင်ရင်း ရှေ့ဆက် ဘာတွေ ကြုံရဦးမလဲ ရင်မောနေခဲ့သည်။

ဆိုင်ပြန်ဖွင့်ပြီဆိုတော့ မောပန်းနေတဲ့ စိတ်အာရုံကို အတတ်နိုင်ဆုံး ပြုပြင်ထိန်းသိမ်းရင်း ကျွန်တော် အလုပ်မှာပဲ စိတ်နှစ်ကာ နေလိုက်သည်။ အခုဆို ဆိုင်ပြန်ဖွင့်တာ (၅)ရက်ရှိပြီ။ ယွန်းတို့ ညီအစ်မတွေနဲ့ အဆက်သွယ်ပြတ်နေတာ (၁၀)ရက်ကျော်နေပြီ။ အားလုံးကို လွမ်းနေမိသည်။

မဇင် နဲ့ ကျွန်တော် Dream KTV မှာ နှစ်ယောက်သား (မ) ထားတဲ့ ကျောက်တုံးတွေ ကိုယ်စီ လွှတ်ချခဲ့ပြီး ခဏတာ အပြန်လှန် ရင်ဖွင့်ခဲ့သည်။ အချစ်ဆိုတဲ့ အရာက လာချင်တိုင်းလာ ပြန်ချင်တိုင်းပြန် ရောက်ချင်တိုင်းရောက် ထွက်ချင်တိုင်း ထွက်လို့နေခဲ့သည်။ ကျွန်တော် မဇင်ကို သနားမိခဲ့သည်။ မဇင်က ကျွန်တော့်ကို အတတ်နိုင်ဆုံး နားလည်အောင် ကြိုးစားရင်း သူ့အချစ်တွေကို ပြန်ဝှက်ကာ ကျွန်တော့်အနားမှာ
တိုင်ပင်ဖော် ရင်ဖွင့်ဘက်အဖြစ် အမြဲရှိနေပေးသည်။ ကျွန်တော်လဲ မဇင်ကို တိတ်တခိုးလေး သံယောဇဉ်ဖြစ်ကာ ခံစားရသမျှ ဖုန်းဆက်ပြီး ရင်ဖွင့်နေမိသည်။ မဇင်က ကျွန်တော် ပြောသမျှ နားထောင်ပေးပြီး ကျွန်တော့်ကို ယွန်းနဲ့ သေချာ ညှိနှိုင်းဖြေရှင်းဖို့ ပြောခဲ့သည်။ မဇင် နဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးက ချစ်သူတွေထပ် ပိုသည့် နားလည်ဖော် ရင်ဖွင့်ဖော် တိုင်ပင်ဖော် သဘောမျိုးပေါ့။ ကျေးဇူးပါ မမ။

ဘာပဲဖြစ်ဖြစ် ကျွန်တော် နဲ့ ယွန်းကို အဆင်ပြေစေချင်တယ်တဲ့။ လွန်းကို သနားပေမယ့် ယွန်းက ကျွန်တော့်အချစ်တွေကို အပြည့်ဝ ပိုင်ဆိုင်ခွင့်ရှိသူမို့ ယွန်းကိုပဲ ဦးစားပေးဖို့ ကျွန်တော့်ကို သတိပေးခဲ့သည်။ လွန်းနဲ့လဲ နောက်ထပ် မပက်သက်မိအောင် နေစေချင်သည်။ သူကလဲ ကျွန်တော့်အပေါ် မောင်လေးတစ်ယောက်လိုပဲ ခင်မင်နိုင်အောင် ကြိုးစားမယ်လို့ပြောခဲ့သည်။ တကယ် ကြိုးစားနိုင်လို့လား မမရယ်။

ယွန်း နဲ့ လွန်း .. ဘာတွေ ဖြစ်နေကြပြီလဲ။ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောနိုင် ဖြစ်နေကြပြီလား။ ယွန်းတစ်ယောက် ကျွန်တော့်ကို သစ္စာမရှိ ဖောက်ပြန်တဲ့လူလို့ မြင်နေမှာ သေချာတယ်။ လွန်းကိုလဲ သူ အရမ်းစိတ်ဆိုးနေမှာပဲ။ ဟူး .. ဘယ်သူမပြု မိမိမှုပဲမို့ အားလုံးဟာ ကျွန်တော့် အပြစ်တွေချည်းပဲလို့ ခံယူရင်း ယွန်းတို့ ညီအစ်မတွေကို အဝေးကနေ မျက်နှာပူနေမိတော့သည်။

" တုံ .. "

ဟင် .. ယွန်းဆီကနေ message ဝင်လာတယ်။ ကျွန်တော် ဖုန်းကို အမြင်ကိုင်လိုက်ပြီး ဖွင့်ကြည့်လိုက်သည်။

( ကို .. ဒီနေ့ ကိုဝင်းအောင် တိုက်ခန်းမှာ တွေ့လို့ အဆင်ပြေမလား။ ပြေတယ်ဆိုရင် (၁၁)နာရီလောက် ယွန်း လာခဲ့မယ် )

ယွန်းက ကျွန်တော့်ကို ဝင်းအောင်ရဲ့တိုက်ခန်းမှာ တွေ့ဖို့ ချိန်းသည်။ ကျွန်တော်နဲ့ပက်သတ်ပြီး သူပြောချင်တာတွေ အေးဆေးပြောလို့ရအောင် ဝင်းအောင် တိုက်ခန်းကို ချိန်းတာဖြစ်မည်။ ဘာပဲဖြစ်ဖြစ် အရာအားလုံးကို ကျွန်တော် ရဲရဲရင်ဆိုင်လိုက်တော့မယ်။ ပုန်းကွယ်နေလို့ မဖြစ်ဘူး။ ဖြစ်ပြီးခဲ့သမျှ နောက်ပြန် လှည့် မရမယ့်အတူတူ အားလုံးကို ရင်ဆိုင်ဖြေရှင်းလိုက်တော့မယ်။

ယွန်း နဲ့ လမ်းခွဲရမယ့် အခြေနေအထိ ဖြစ်သွားနိုင်တာမို့ ကျွန်တော့်စိတ်ကို ကြိုတင်ပြင်ဆင်ရင်း ....။

( ပြေတယ် ယွန်း။ ဝင်းအောင်က ဆိုင်(၃)မှာ တစ်နေကုန်ရှိနေမှာ။ လာခဲ့လေ ကို စောင့်နေမယ် )

( အင်း )

ယွန်းဆီကနေ အင်းတစ်လုံးပဲ စာပြန်လာပြီး လိုင်းပေါ်ကနေ အောက်သွားသည်။ ယွန်း ကျွန်တော့်ကို စိတ်နာနေပြီလား။ အရင်လို .. တာ့တာ .. ချစ်တယ် .. မွှစ် မွှစ် .. စတဲ့ နှုတ်ဆက်စကားလေးကို ကျွန်တော် လွမ်းနေမိသည်။ ကို လာခဲ့ပါမယ် ယွန်း .. မင်း ပေးသမျှ အပြစ်တွေကို တစ်ခုချင်း ခေါင်းငုံ့ကာ လည်စင်း ခံပါ့မယ်။ စိတ်တိုင်းကျ ပြောဆို ဆက်ဆံသွားပါတော့ ယွန်းရယ်။

.....................။

ချိန်ထားသည့်အချိန်ထက် နာရီဝက် ကြိုရောက်အောင် သွားလိုက်သည်။ ယွန်းအလာကို စောင့်နေရင်း စိတ်ကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး အားယူနေရသည်။ ချစ်သူအပေါ် ဖောက်ပြန်မိတဲ့အတွက် တစ်ချိန်လုံး အပြစ်ရှိနေသလို ခံစားနေရတော့သည်။

" တီ .. တီ " (ဘဲလ် တီးသံ)

ကျွန်တော် တံခါးဖွင့်ပေးလိုက်သည်။ ယွန်းက ကျွန်တော့်ကို သေချာပင် မကြည့်ပဲ အခန်းထဲသို့ အေးဆေးပဲ ဝင်လာသည်။ ကျွန်တော်လဲ ဧည့်ခန်းဘက်သို့ သွားလိုက်ပြီး ဆိုဖာပေါ်ထိုင်လိုက်သည်။ ယွန်းက ကျွန်တော့်နောက်ကနေ လိုက်လာပြီး ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ ယွန်းနဲ့ ဒီလိုမျိုး သူစိမ်းဆန်တဲ့ စိတ်ခံစားမှု တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ အခုတော့ ယွန်းက ကျွန်တော့်ချစ်သူ မဟုတ်တော့ဘူးလို့
စိတ်ထဲကနေ သူစိမ်းဆန်စွာ ခံစားနေရသည်။ ကျွန်တော် ယွန်းကို နှုတ်ဆက်လိုက်သည်။

" ယွန်း .. နေကောင်းလား "

" ကောင်းပါတယ်။ ယွန်း ရေသောက်ချင်တယ်။ ရေတစ်ခွက်လောက် ပေးပါလား "

ကျွန်တော် လေးပင်စွာ ထလိုက်ရင်း အနားက Water Cooler ကနေ ယွန်းအတွက် ရေခပ်ကာ ယွန်းရှေ့သို့ ရေခွက် ချပေးလိုက်သည်။ ယွန်းက ရေအနည်းငယ် သောက်လိုက်ပြီး ကျွန်တော့်ကို သေချာကြည့်ကာ ...။

" ပိန်သွားတယ်နော် .. "

" အင်း .. ခုရက်ပိုင်း အအိပ်ပျက် အစားပျက်မလို့နေမယ် "

" ဟုတ်မှာပေါ့ "

" ယွန်း စိတ်ထဲမှာ ရှိတဲ့အတိုင်း ကို့ကို ပြောဆို ဆက်ဆံပါ။ ယွန်းပြောသမျှ ကို နားထောင်နေပါ့မယ်။
ကို့ဘက်ကတော့ ဘာမှ ပြောစရာမရှိဘူး။ အားလုံး ယွန်း သိနေပြီပဲ "

" အင်း ပြောချင်လို့ လာခဲ့တာပဲ။ ဖြေးဖြေးပေါ့ .. ဒါနဲ့ ရှင့်နာမည်က ဘယ်သူ "

" ဘာလဲ ယွန်း .. မင်း ဘာကို မေးတာလဲ ကို နားမလည်ဘူး "

" သြော် ရှင့်နာမည်ကို မေးတာလေ။ ရှင့်နာမည် ဘယ်သူလဲ "

" ဘာလို့ အဲ့လိုမေးနေတာလဲ။ ဘာသဘောလဲကွာ .. "

" မေးတာသာဖြေပါ။ ရှင့်နာမည်က .. "

" ပြည့်စိုးဟိန်း "

" ပြည့်စိုးဟိန်း .. ဒီနာမည်ကို သေချာ ကြားဖူးသလိုပဲ။ သြော် .. ခုမှ သတိရတယ်။
ရှင်က ကျွန်မအစ်မ လွန်းရတနာရဲ့ ချစ်သူ ပြည့်စိုးဟိန်း ဆိုတာမလား "

" ယွန်း .. ဘာ .. ဘာသဘောနဲ့ ဒီလိုပြောနေတာလဲ။ ပြောစရာရှိတာ ဒဲ့ ပြောကွာ ..
မင်း ပြောသမျှ မင်းလုပ်သမျှ ငါ လည်စင်းခံဖို့ အသင့်ပဲ။ ငါ့ကို အဲ့လိုတော့ မရွဲ့ပါနဲ့ "

" ကျွန်မ မရွဲ့ပါဘူး။ အမှန်တိုင်း ပြောလိုက်တာ သေချာ မကြားလိုက်ဖူးလား။
ရှင်က ကျွန်မအစ်မရဲ့ ချစ်သူပဲ။ ဟုတ်တယ်မလား ကိုပြည့်စိုးဟိန်း "

အရာအားလုံးကို ကြိုတင်ပြင်ထားတယ်ဆိုပေမယ့် ယွန်းဆီကနေ အခုလိုတွေ ကြားနေရတာ ကျွန်တော့်အတွက် နေရခက်လွန်းသည်။ ဒါ အစပဲ ရှိသေးတယ်ထင်တယ်။ ယွန်း ကျွန်တော့်ကို ဖြေးဖြေးချင်း နာကျင်အောင် လုပ်တော့မှာလား။ ယွန်းရယ် .. သတ်မယ်ဆိုလဲ ချက်ချင်းပဲ သတ်လိုက်ပါတော့။ မနှိပ်စက်ပါနဲ့ .. တောင်းပန်ပါတယ် ယွန်းရယ်။

" ဟုတ်တယ် .. ကို ယွန်းအစ်မ လွန်းနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ဝန်ခံပါတယ်။ အဲ့ဒီအတွက် ဘာကြောင့်ဆိုတဲ့ ဖြေရှင်းချက် ယွန်းကို ပြောစရာမရှိဘူး။ မှားခဲ့ပါတယ်လို့လဲ မပြောချင်တော့သလို .. တောင်းပန်ပါတယ်လို့လဲ မပြောနိုင်တော့ဘူး။ တစ်ခုပဲ ပြောချင်တယ်။ အားလုံး ကို့အပြစ်တွေမို့ ယွန်းပေးတဲ့ အပြစ်ကို ခံယူဖို့ အသင့်ပါပဲ။ ကို ဒါပဲ ပြောချင်တော့တယ် "

" စကားတတ်လိုက်တာ ကိုပြည့်စိုးဟိန်းရယ် .. ယွန်းပေးမယ့် အပြစ် ဟုတ်လား။
ပြောပါဦး .. ယွန်းက ဘယ်လို ပြစ်ဒဏ်တွေ ရှင့်ကို ပေးမယ်ထင်လဲ .. ပြောကြည့်ပါလား "

" မင်း ကို့ကို စိတ်နာပြီး လမ်းခွဲချင်နေပြီမလား။ ခုချိန်မှာ ကို မင်းကို ဘယ်လိုမှ လမ်းမခွဲနိုင်ဘူးလို့ပြောရမယ့် အချိန်မဟုတ်တော့ဘူး။ ကို့မှာ ပြောပိုင်ခွင့်မရှိဘူး။ မင်း လမ်းခွဲမယ်ဆိုလဲ ကို ကြည်ကြည်ဖြူဖြူနဲ့လက်ခံရုံပဲ။ နောက်ပြီး လွန်း နဲ့ ပက်သတ်ပြီး နောက်ထပ် မင်း ဘာမှ မကြားရစေရဘူးလို့ ကို ကတိပေးတယ်။ မင်းနဲ့ လမ်းခွဲလိုက်ရပြီဆိုရင် ကို လွန်းနဲ့လဲ လမ်းခွဲလိုက်မှာပါ "

ကျွန်တော် ပြောနေရင်း ဝမ်းနည်းလာကာ စကားသံများ ငိုသံ ပါလာသည်။ ဘဝမှာ ဒီလို ဝမ်းမနည်းဖြစ်တာ ကြာခဲ့လေပြီ။ ငိုချင်စိတ်ကို ထိန်းရင်း စကားကို အားယူပြီး ဆက်ပြောလိုက်သည်။

" တစ်ခုတော့ ပြောချင်တယ်။ ကို မင်းကို အရင်ချစ်ခဲ့တာပါ။ အရမ်းချစ်ခဲ့တာပါ။ ဘဝအတွက်ရည်ရွယ်ခဲ့တာပါ။ လွန်းက နောက်မှ ကို့ဘ၀ထဲ ဇွတ်တိုးပြီး ရောက်လာသူပါ။ ကို လွန်းရဲ့ အချစ်တွေကို မလွန်ဆန်နိုင်ခဲ့ဘူး။ မင်းကိုလဲ အရမ်းချစ်သလို လွန်းကိုလဲ ချစ်ခဲ့မိတယ်။ ဒါကြောင့် လမ်းခွဲကြမယ်ဆိုရင် မင်းတို့ နှစ်ယောက်စလုံးနဲ့ လမ်းခွဲပြီး ကိုယ့်ကိုကိုယ် အပြစ်ပေးလိုက်ပါမယ်။ ဒါ ကို့အတွက် အပြင်းထန်ဆုံး
အပြစ်ဒဏ်ပါ။ ဒီထက်ပိုပြီး နာကျင်စေချင်တယ်ဆိုရင်တော့ မင်းပေးတဲ့ အပြစ်အားလုံးကို ငါဆက်ပြီး ခံပါ့မယ် ယွန်း "

ယွန်းက မျက်ရည်များ စီးကျလာပြီး ကျွန်တော့်ကို မျက်စောင်းထိုးကာ စိုက်ကြည့်နေသည်။ ကျွန်တော်လဲ မခံနိုင်တော့ပဲ မျက်ရည်များက အလိုလို စီးကျလာတော့သည်။ ရင်ဘတ်ထဲမှာ ဆို့နင့်နေပြီး ကလေးတစ်ယောက်လို အော်ငိုလိုက်ချင်သည်။

" လွန်းကို ဘာလို့ချစ်သွားတာလဲ။ ယွန်း နဲ့ တူနေလို့လား "

" အမှန်တိုင်းပဲပြောမယ်။ အစတုန်းက လွန်းကို မင်းနဲ့အရမ်းတူတာမို့ သာမန်ပဲ စိတ်ဝင်စားခဲ့တယ်။ အဲ့ဒီထပ် ဘာမှ မပိုခဲ့ဘူး။ နောက်တော့ မထင်မှတ်ပဲ ကို့ဘက်ကနေ လွန်းနဲ့ ရင်းနှီးစွာ ပက်သတ်မိခဲ့တယ်။ ကို ပြောခဲ့ပြီးပြီပဲ။ ကို မလွန်ဆန်နိုင်ခဲ့ဘူး။ အသေးစိတ်တော့ မင်းကို မပြောပါရစေနဲ့တော့။ မင်းလဲ ကြားချင်မှာမဟုတ်သလို ကိုလဲ မပြောချင်ဘူး။ မင်း သိချင်တာရှိရင် လွန်းကိုသာ မေးကြည့်လိုက်ပါတော့။ အခု မင်း နဲ့ လွန်းရဲ့ ဆက်ဆံရေးတွေ ဘယ်လိုဖြစ်နေမလဲ ကို သိပါတယ်။ သိပ်ချစ်ကြတဲ့ မင်းတို့ ညီအစ်မနှစ်ယောက်ကို သွေးခွဲမိခဲ့လို ကိုယ့်ကိုကိုယ် ဒေါသထွက်လို့ မဆုံးဘူး။ ငါ အခု ငါ့ကိုယ်ငါ သတ်ပစ်ချင်လောက်အောင်
မုန်းနေတယ်။ ဝမ်းလဲနည်းတယ်။ ငါ မငိုရတာ ကြာပြီ ယွန်း။ ငါ အခု အရမ်း .. တောက်စ် .. အရမ်း .. ခံစားနေရတယ်ကွာ "

ကျွန်တော် လက်သီးဆုပ်ကာ ခေါင်းငုံ့ထားလိုက်တော့သည်။ ကျွန်တော့် မျက်ရည်တွေကို ယွန်းကို မမြင်စေချင်ဘူး။ ကျွန်တော် ငိုတာ ဒါ ပထမဆုံး သူ မြင်ဖူးခြင်းပါ။ ကျွန်တော့်ရဲ့ အငိုမျက်နှာကို သူ့ကို မပြချင်ဘူး။ တကယ်ဆို သူ့ကို ပျော်ရွှင်မှုတွေပဲ ပေးချင်ခဲ့တာပါ။

" လွန်းနဲ့ရှင့်အကြောင်းတွေ ကျွန်မ သိနေတယ်ဆိုတာ ခုချိန်ထိ လွန်း မသိသေးဘူးနော် "

" ဘယ်လို ... ဒါဆို မင်းနဲ့လွန်း ဘာမှ မဖြစ်ကြသေးဘူးပေါ့။
ကို ထင်နေတာက မင်းနဲ့လွန်း ပြဿနာ တက်နေပြီထင်တာ "

" ဟင့်အင်း .. ခုချိန်ထိ လွန်း ဘာမှ မသိသေးဘူး။ လွန်းနဲ့ ကျွန်မ အရင်လိုပဲ ချစ်ချစ်ခင်ခင်နဲ့
ဆက်ဆံနေတုန်းပဲ။ ဘာလဲ .. ရှင်က ကျွန်မနဲ့လွန်း ပြဿနာတက်ပြီး မခေါ် မပြောနိုင်တော့ဘူး
ထင်နေတာလား။ ဒါဆို ရှင် မှားသွားပြီ ကိုပြည့်စိုးဟိန်း "

" ဟုတ်တယ် .. ပြဿနာတက်နေပြီထင်တာ။ အခု မင်း ကို့ဆီ ရောက်လာတာ ဒီကိစ္စကို
အပြတ်ရှင်းဖို့ ရောက်လာတာမလား။ လွန်းလဲ သိနေလောက်ပြီ ထင်နေတာ "

" သူ မသိသေးပါဘူး။ နောက်ပြီး ရှင် အံ့သြသွားအောင် နာမည်လေးတစ်ခု ပြောပြချင်တယ် "

" ဘာနာမည်လဲ .. "

" ပါ .. ရာ .. ဒိုက် .. "

" ဟင် .. ယွန်း .. မင်း .. မင်းဘယ်လိုသိတာလဲ။ လွန်း ပြောပြတာလား။ မင်းပြောတော့
လွန်းက ဘာမှ မသိသေးဘူးဆို .. အဲ့ဒီကိစ္စကို မင်း .. ဘယ်လိုသိတာလဲ .. ဟာ .. "

" အရမ်းလန့်သွားလား ကိုပြည့်စိုးဟိန်း "

ကျွန်တော် ယွန်းမျက်နှာကို မကြည့်ရဲတော့။ ပါရာဒိုက်ဟိုတယ်မှာ လွန်းနဲ့ ဖြစ်ပျက်ခဲ့တာတွေကို ယွန်းက လွန်းပြောပြတာမဟုတ်ရင် ဘယ်လို သိနေရတာလဲ။ တကယ်ဆို ပါရာဒိုက်ကိစ္စက ကျွန်တော်နဲ့ လွန်း နှစ်ယောက်တည်းပဲ သိတဲ့ ကိစ္စတစ်ခုပါ။ ဘယ်လိုလဲ။

" ပြောလေ .. အရမ်း အံ့သြသွားလို့ စကားတောင် ပြန်မပြောနိုင်တော့ဘူး "

" ဟုတ်တယ် ယွန်း .. လွန်း မပြောပြပဲနဲ့ မင်း ဘယ်လို သိတာလဲ။
အဲ့ကိစ္စက ငါနဲ့လွန်း နှစ်ယောက်တည်းပဲ သိတဲ့ ကိစ္စ။ ဟာ .. ဘယ်လိုလဲ ယွန်း .. ဘယ်လိုလဲကွာ "

" ရှင်က ယွန်းကို အ တယ် ထင်နေတာကိုး။ ယွန်း မအ ဘူး ရှင်ရယ် ..
တစ်ခါတစ်လေ အ လိုက်ချင်ပေမယ့် ယွန်းက ယွန်းဖြစ်နေတာခက်တယ် "

" ဒါဆို အဲ့ကတည်းက ကိုနဲ့လွန်းအကြောင်းကို မင်းသိနေတာပေါ့။
ဘယ်လို သိသွားလဲဆိုတာ ပြောပြလို့ရမလား ယွန်း "

" ရတယ်။ ပြောချင်လို့လဲ အခု လာခဲ့တာပေါ့။
ရှင်သာ ယွန်းပြောသမျှကို နားထောင်နိုင်ပါစေ .. "

" ပြောပါ .. ယွန်း။ ကို နားထောင်နေပါတယ် "

ကျွန်တော် စိတ်ကိုလျော့လိုက်ပြီး သက်ပြင်းတစ်ချက် ချကာ ယွန်းပြောသမျှကို နားထောင်လိုက်တော့သည်။

.......................။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Dove le storie prendono vita. Scoprilo ora