တိမ်ပြာပြာနေ့တစ်နေ့ ...
@@@@@@@@@@@
မှန်ထဲမှာ မြင်နေရတဲ့ ကျွန်တော့်ပုံစံကို သေချာကြည့်ရင်း ရယ်ချင်နေမိသည်။ မောင့်ကျက်သရေ ခေါင်းပေါင်း၊ တောင်ရှည်ပုဆိုးနဲ့ အဝါရောင် သတို့သားဝတ်စုံက မျက်လုံးထဲ တောက်လွန်းအားကြီးနေမလား တွေးနေမိသည်။ မင်္ဂလာဆောင် Theme တစ်ခုလုံးက အဝါရောင် ဖြစ်တာမို့ သတို့သား+သတို့သမီး ၊ နှစ်ဖက်မိဘများ၊ အရံများ .. အားလုံး အဝါရောင်တွေချည်း ဖြစ်နေတော့သည်။
ဒီနေ့က ကျွန်တော်နဲ့ ယွန်းတို့ရဲ့ သုံးနှစ်မြောက် Valentine's Day ၊ နောက်တစ်မျိုးက မင်္ဂလာပွဲကျင်းပတဲ့နေ့ နောက်ပြီး ဒီနေ့က Sunday ....။ ကျွန်တော့်အတွက် ရင်အခုန်ရဆုံး နေ့တစ်နေ့ဆိုလဲ မမှားသလို ဘဝမှာ တစ်ကြိမ်သာ ရရှိနိုင်မယ့် မင်္ဂလာနေ့ရက်လေး တစ်ရက်ပေါ့။
ယွန်းကို ကတိပေးထားတဲ့အတိုင်း ကျွန်တော်နဲ့ လွန်း မှာ မိသားစုဝင်များ ရှေ့တွင် မဖြစ်မနေ ပုံမှန် ဆက်ဆံသည့် အခြေနေကလွဲပြီး တစ်ယောက် နဲ့ တစ်ယောက် မပက်သက်ပဲ အတတ်နိုင်ဆုံး ထိန်းခဲ့ကြသည်။ ဝင်းအောင်တိုက်ခန်းမှာ ကျွန်တော်တို့ သုံးယောက် မျက်နှာချင်းဆိုင် ဖြေရှင်းခဲ့ကြသည်။ အဲ့တုန်းက လွန်း တစ်ယောက် အံ့သြလွန်းလို့ သူ့ညီမလေးကို ဖက်ပြီး အတော် ငိုခဲ့သည်။ ညီအစ်မနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ဖက်ကာ ငိုနေပုံကို ကျွန်တော် ခုချိန်ထိ မေ့လို့မရသေး။ တစ်ခါတစ်လေ ချစ်ခြင်းတရားက မထင်မှတ်တဲ့အရာတွေကို သယ်ဆောင်လာတတ်ပါလား။
" ဟား .. သတို့သားကြီး .. ငါ့လခွီး မင်းကို ကြည့်ရတာ မျက်စိကျိန်းတာကွာ။ စောက်ရမ်းမိုက်တယ် သားကြီးရေ "
ဝင်းအောင်က ကျွန်တော့်ကို ကြည့်ပြီး ရယ်နေသည်။ ဝင်းအောင် နဲ့ ကောင်းစံက သတို့သား အရံတွေပေါ့။
လွန်း နဲ့ မြတ်နိုးက သတို့သမီး အရံလုပ်လေသည်။ အားလုံး တူညီဝတ်စုံတွေနဲ့ ဝါချင်တိုင်းကို ဝါထိန်နေတော့သည်။
" အေးပါ .. ရယ်ထားဦးပေါ့ကွာ။ စိတ်ထဲမှာတော့ အားကျနေတယ်မလား .. "
" အေး .. အားတော့ကျတယ်။ မင်းကိုလဲ သနားမိတယ်။ မကြာခင် အိုရတော့မယ် မင်းအဖြစ်ကို တွေးပြီး .... ဟင်း ... "
" ဟေ့ကောင် .. ငါ မင်္ဂလာယူနေတာနော် .. မနောက်နဲ့ "
" ဟား .. ငါလဲ ဘာပြောနေလို့လဲ။ သားကြီး မင်းကို ဒီလိုမြင်ရတာ ငါ စောက်ရမ်းပျော်တယ်ကွာ။ တကယ်ပြောတာ .. "
" ငါလဲ ပျော်နေတယ်ကွာ။ သတို့သမီးကို တွေ့ချင်လှပြီ မပြီးသေးဘူးလား မသိဘူး "
" အမယ်လေး ပြီးပါပြီ သတို့သားရယ်။ ကဲ .. ဒီဘက်ခန်းကို ကြွပါရှင့် "
မြတ်နိုး လာပြောလို့ ကျွန်တော် သတို့သမီး အလှပြင်နေတဲ့ အခန်းထဲသို့ သွားလိုက်သည်။ မှန်တင်ခုံမှာ ထိုင်နေသော ယွန်းကို တွေ့လိုက်ရသည်။ လှ လိုက်တာ ယွန်းရယ်။ သဇင်ပန်းတွေ ဝေဆာနေအောင် ပန်ထားပြီး အဝါရောင် ထိုင်မသိမ်း သတို့သမီးဝတ်စုံလေးက ယွန်းနဲ့ လိုက်ဖက်လွန်းသည်။ ကျွန်တော် ယွန်းကို စကားမပြောနိုင်ပဲ ငေးကြည့်နေမိသည်။
" ကို .. အဲ့လိုကြီး စိုက်မကြည့်နဲ့ .. ရှက်တယ်။ ဒီလိုဝတ်ထားရတာ နေရခက်လိုက်တာ။ လူကို မနည်းအောင့်ထားရတယ် "
" ခဏလေး သည်းခံလိုက်ပါ ယွန်းရဲ့ .. အရမ်းလှတယ်ကွာ။ ငါ့ချစ်သူလေးကို ကြည့်ရတာ ကျက်သရေ ရှိလိုက်တာ "
" ကိုလဲ အရမ်းချောတယ်။ ခန့်ချောကြီး .. ဟိ .. လာပါဦး "
ယွန်းက ကျွန်တော့်ရင်ဘတ်က ရင်ထိုးပန်းကို သေချာလေး ပြန်တည့်ပေးသည်။ ကျွန်တော် သူ့ကို နမ်းလိုက်ချင်ပေမယ့် အလှပျက်သွားမှာစိုးလို့။
" ပြည့်စိုးရေ .. ပြီးရင်လဲ သွားကြရအောင်။ ခန်းမမှာ လူတွေ ရောက်နေပြီပြောတယ် "
" အေး ကောင်းစံ .. အိမ်သားတွေ အားလုံးကို မင်းပဲ သေချာကြည့်စီစဉ်ပြီး ခေါ်ခဲ့လိုက်ကွာ။ ခန်းမရောက်မှ တွေ့ကြတာပေါ့ "
" စိတ်ချပါ .. ငါ အားလုံး စီစဉ်ပြီးပြီ .. မြတ်နိုးရေ .. ကိုတို့ သွားကြစို့ "
ကျွန်တော်တို့ ကောင်းစံ စီစဉ်ထားသော မင်္ဂလာကားပေါ် တက်လိုက်ကြသည်။ စိတ်လှုပ်ရှားမှုကတော့ အတိုင်းထက်အလွန်ပါပဲ။ ဒီခံစားမှုမျိုးကလဲ ဒီတစ်ကြိမ်သာ ရမယ်ထင်ပါတယ်။ ကားပေါ်မှာ ယွန်း နဲ့ ကျွန်တော် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ပြုံးလိုက်ကြသည်။ ဒီလိုနဲ့ ကျွန်တော်တို့
မင်္ဂလာကားလေးက ခန်းမရှိရာ မင်္ဂလာအခမ်းနားသို့ ရောက်လာခဲ့သည်။
.........................။
( ကြွရောက် ချီးမြှင့်ကြသော ဂုဏ်သရေရှိ လူကြီး မိဘများရှင့်။ အစီစဉ် (၁) အရ ...
မင်္ဂလာချိန်ခါ ကျရောက်လာပြီမို့ မင်္ဂလာ သတို့သား မောင်ပြည့်စိုးဟိန်း နဲ့ မင်္ဂလာသတို့သမီး မယွန်းရတနာ တို့ မင်္ဂလာ စင်မြှင့်ထက်သို့ ကြွရောက်ပေးပါရန် ဖိတ်ကြားအပ်ပါသည်ရှင့် ... )
( တူနှစ်ဖြာ .. ရွှေဂဟေ ဆက်ဖို့ .. သွေမပျက်တဲ့ မေတ္တာ ... ရေစက်ရဲ့ ရှေးအလာ ... မနှေးအခါခါ ချင့်တွေး .. ဖြေရေးအခု .. သမုဒယနွယ်လာ .. သြော် ဖြေရေးအခု သမုဒယနွယ်လာ ... အခုဘဝတကယ် ဘယ်မမုန်းတော့လေး ........... )
အခါတော်ပေး သီချင်းသံနဲ့အတူ မင်္ဂလာမောင်နှံမှာ ခန်းမထဲသို့ စတင်ဝင်ရောက်လာလေသည်။ ဘယ်အချိန်က ဘယ်သူ ထွင်သွားမှန်းမသိသော ရေကြိုးငွေကြိုးတားနေသူတွေက အသင့်စောင့်နေလေသည်။ ကျွန်တော်လဲ လက်ထဲမှာ တစ်သောင်းတန်တစ်အုပ် ကိုင်ထားရပြီး တစ်ကြိုးလျှင်၂သောင်းနှုန်းနဲ့ (၁၀)ကြိုးတောင် ဖွင့်ပေးခဲ့ရသည်။ ကျွန်တော်တို့ နောက်မှာတော့ နှစ်ဖက်မိဘများနှင့် မိသားစုဝင်များ အတွဲလိုက်ကြီးပေါ့။
စင်မြှင့်ပေါ်ရောက်တော့ ကျွန်တော်နဲ့ ယွန်းက အလယ်မှာ ထိုင်လိုက်ကြသည်။ ကျွန်တော့်ဘေးမှာတော့ ဝင်းအောင် နဲ့ ကောင်းစံပေါ့။ ယွန်းဘေးမှာတော့ လွန်း နဲ့ မြတ်နိုး တို့ အတူတူထိုင်လိုက်ကြသည်။ ကျွန်တော် ဒီချိန်မှာ လွန်းကို ခဏမေ့ထားရသည်။ အိမ်မှာတုန်းက လွန်းကို ခဏလေး တွေ့လိုက်ရသည်။ ယွန်းလိုပဲ လှချင်တိုင်း လှနေသည်။ ဒါပေမယ့် ကျွန်တော် လွန်းနဲ့စကားမပြောမိအောင် ထိန်းခဲ့ရသည်။
လွန်းကလဲ ကျွန်တော့်ကို စကား လာမပြောခဲ့ဘူး။ သူ့မိသားစုဝင်တွေနဲ့ပဲ အတူရှိနေပြီး ခန်းမထဲရောက်မှ ကျွန်တော် သူ့ကို ပြန်တွေ့ခဲ့ရသည်။ သြော် .. မေ့နေတာ မဇင်တစ်ယောက်လေ .. ဆံပင်အရှည်နဲ့ လုံးဝကို မိန်းမတစ်ယောက်ပုံစံနဲ့ ပွဲတက်နေတယ်။ တစ်ချို့ဆို မဇင်ကို မမှတ်မိသည်အထိ အံ့သြနေကြသည်။
( အစီစဉ် (၂) အရ .. ဘုန်းပြည့်သျှံ ကုမ္ပဏီ ဥက္ကထ ဦးမြင့်လွင် နှင့် ဇနီး ဒေါ်ခင်ညို တို့မှ မင်္ဂလာမောင်နှံအား မင်္ဂလာ လက်စွပ် နဲ့ မင်္ဂလာ ပန်းကုံးများ ချီးမြှင့်ပေးပါရန် စင်မြင့်ထက်သို့ ဖိတ်ကြားအပ်ပါသည်ရှင့် ...)
" ဖြောင်း .. ဖြောင်း .. ဖြောင်း .. " (ဧည့်သည်များ ဂုဏ်ပြုသံ)
( အစီစဉ် (၃)အရ ...
ကြွရောက် ချီးမြှင့်ကြသော ဂုဏ်သရေရှိ လူကြီး မိဘများကို နိုင်ငံကျော် တေးဂီတ အဖွဲ့ Iron Cross ရဲ့ ဖျော်ဖြေမှုနဲ့အတူ တည်ခင်းဧည့်ခံ ကျွေးမွေးသော အစားသောက်များကို အားလုံးပဲ ပျော်ရွှင်စွာ သုံးဆောင်ရင်း ချီးမြှင့်ပေးကြပါရန် ပန်ကြားအပ်ပါသည်ရှင့် ... ) (မရဘူး IC ပဲ ငှားပါရစေနော် .. ဟီး .. ပုံ - စာရေးသူ )
أنت تقرأ
ရင်ဝှက်ကဗျာ ( Yin Wat Kabyar )
عاطفيةရင်ဝှက်ကဗျာ က 18+ Erotic Romance Novel ဖြစ်ပါတယ်။ ရသစုံ ခံစားရမယ့် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။ Erotic Novel ဖြစ်တာမို့ sexual pleasure တွေ ပါပြီး အသက်(၁၈)နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် တောင်းဆိုပါတယ်။ ချစ်တတ်တဲ့သူနဲ့ အချစ်ခံရတဲ့သူတွေ အကြောင်းကို လှပ...