"ဟင်း ဟင်း ဟင်း ဟဲ ဟော ဟဲ"နဝဒေးတံတားအောက်က တောင်ပတ်ကမ်းနားလမ်းတစ်လျှောက် မိန်းကလေးငယ်တစ်ယောက် အသည်းအသန်ပြေးနေသည်။
နောက်ကမည်သည့်အရာမှလိုက်မလာပေမဲ့ အပြေးနှုန်းက သိပ်မြန်နေသည်။ ခါးလည်အထိရှည်လျားသော နက်မှောင်နေသည့် ဆံနွယ်ရှည်တွေကလည်း လေထဲတွင် စည်းချက်မညီစွာ ရုတ်ရင်းဆန်ခတ် ဝဲပျံနေကြသည်။ နဖူးစပ်ကဆံပင်တွေကို ပန်းရောင်ခေါင်းစည်းအပြားနဲ့သပ်တင်ထားထားတော့ မျက်နှာဖြူဖြူလေးဟာ ထင်းခနဲပေါ်နေလေသည်။ မောဟိုက်သံတွေနဲ့အတူ ပြေးနေရတာ နှစ်စိတ်ထဲ ပေါ့ပါးသွားသလို ခံစားရပါသည်။
ထူထဲလှသည့်နှင်းထု၏အအေးဒဏ်ကို လက်ရှည်အင်္ကျီတစ်ထည်တည်းနှင့် အံတုနေရသည်ကို နှစ် သိပ်ကြိုက်သည်။ ပြင်ပက အအေးဒဏ်ကြောင့် အပေါ်ယံအရေပြား အေးစက်နေပေမဲ့ အတွင်းထဲမှာတော့ သွေးတွေဆူပွက်လှုပ်ရှားနေလျက်ရှိသည်။
ဆောင်းရာသီကို နှစ်မကြိုက်ပါ။
နှင်း ကိုလည်း နှစ်မကြိုက်။
နှင်း ဆိုလို့ ဆောင်းရာသီမှာကျသည့်နှင်းတော့မဟုတ်။ တစ်ချိန်က နှစ်အတွက်အရေးပါသည့်သူ ဖြစ်ခဲ့ဖူးသည့် "နှင်း"ကို ဆိုလိုခြင်းဖြစ်သည်။
နွေရာသီမှာ နှင်းကျလျှင် နွေရာသီကိုမုန်းမည်။
မိုးရာသီမှာ နှင်းကျလျှက် မိုးရာသီကို မုန်းမည်။
အဲ့လောက်အထိကို နှင်း ဆိုသည့် အမည်နာမလေးတစ်လုံးအပေါ်မှာ မုန်းစွဲထားမိသည်။
တံတားကြီးအလွန် ကမ်းနားတစ်လျှောက် ပြေးနေရင်းက သစ်ပင်တွေကျဲပြီး ဧရာဝတီကိုကောင်းကောင်းကြီးမြင်နိုင်သည့်နေရာတွင် ရပ်လိုက်သည်။ ကမ်းမမြင်လမ်းမမြင်ဆိုတာကို နှစ်ငယ်ငယ်က ပင်လယ်သမုဒ္ဓရာထဲမှာပဲ ရှိတာလို့ ထင်ခဲ့မိတာ။ အခုနှစ်ရပ်နေသည့်နေရာကနေ ဟိုဘက်ကမ်းကိုတောင် ကောင်းကောင်းမမြင်ရပေ။ မြူတွေဟာ ဧရာဝတီမြစ်ရေအလျဉ်ပေါ်မှာ ဆိုင်းနေကြလေသည်။
ဘာမှမမြင်ရပေမဲ့ ထိုမမြင်ရသည့်မြင်ကွင်းကိုက သိပ်ကိုလှပပါသည်။