စနေနေ့ခေါင်းရင်းသစ်ပင်ပေါ်က ငှက်ကလေးတွေ ကျလိကျလိအော်မြည်ချိန်နှင့်အတူ လင်းယံပါနိုးလာခဲ့သည်။
တယ်လည်းဝီရိယကောင်းသည့် ငှက်ကလေးများပင်။ မနက်ငါးနာရီပင်ရှိသေးတာမို့ ရောင်နီဓာတ်လုံးနေမင်းကြီးသည် ကမ္ဘာတစ်ခြမ်းဘက်တွင် ညနေစောင်းအချိန်ရှိနေမည်ထင်သည်။လင်းယံလည်း ညကတည်းက ကောင်းကောင်းအိပ်မပျော်ပေမယ့် မနက်ရောက်သည့်တိုင် အိပ်ရေးမဝတာမျိုးတော့မဖြစ်မိ။ ဝီရိယအထူးထားရတာမျိုးမရှိဘဲ အစောကြီးကတည်းကနိုးနေတာမို့လို့ ဉီးနေ၏ ဖုန်းဆက်ပြီးနှိုးလာမည့် Alarm မမွည်ခင်မှာပင် မျက်နှာသစ်ပြီးခဲ့ပြီ။
အိပ်ခါနီးတုန်းက မနက်ရောက်ရင် နိုးပေးပါဟု စာပို့ထားခဲ့၍ ဉီးနေနိုးသည့်အချိန် ဖုန်းအသေအချာဆက်ပါလိမ့်မည်။
လင်းယံအဖြစ်က "မနက်ခင်းလေးမှာ နိုးလာခဲ့ အရင်ဆုံးမင်းကိုလွမ်းပါတယ်" ဟူသော သီချင်းနှင့်ပင်တူနေတော့သည်။ အိပ်ယာနှိုးရန်ဝင်လာမည့်ဖုန်းထက် စောထကာ ဖုန်းကိုစောင့်နေသည့်သူ သူတစ်ယောက်ပဲရှိမည်ထင်သည်။ဘာဝတ်မယ်ဆိုတာတော့ ဉီးနေဝတ်သည့်အရောင်ကို ဝတ်မယ်ဟုတွေးထားသည်။ ဘီဒိုထဲက အရောင်စုံရှိနေသည့် လည်ကတုံးများသည် လေးလေး တဝကြီးမဝတ်လိုက်ရသည့် အင်္ကျီတြွေဖစ်သည်။ လေးလေး၏ကိုယ်ကျနှင့် အနည်းငယ်ပွယောင်းယောင်းရှိပေမယ့် သူ့ကိုယ်နှင့်ကျ လုံးဝကွက်တိ။
"တီ တီ"
ထင်ထားသည့်အတိုင်း ဉီးနေဆီက။
"ထ.."
"ဉီးနေ ဘာရောင်ဝတ်မှာလဲ"
"ထတော့"ဟုပင်ဆုံးအောင် မပြောလိုက်ရဘဲ
ရုတ်တရက်ကြီးထွက်လာသည့် မေးခွန်းကြောင့် သူပြုံးစိစိဖြစ်သွားသည်။ အစောကြီးနိုးရဲ့သားနဲ့ သူ့ကိုနှိုးခိုင်းသေးတာ လင်းယံနှင့်ပင်သွားတူလေသည်။"နိုးပြီလား"
"ကြာပေါ့"
"အဲ့တာများ ဘာလို့နှိုးခိုင်းနေသေး"
"ဉီးနေတကယ်နှိုးလားသိချင်လို့လေ"
ဟော။ ရင်းနီးလိုက်သည့် သည်စကား။ အောင့်တက်လာသော ဘယ်ဘက်ရင်အုံဆီ ကျန်လက်တစ်ဖက်တင်ထားလိုက်မှ အောင့်တာ နည်းနည်းသက်သာသွားလေသည်။