အစိမ်းနုရောင်ဒန်းပေါ်တွင် မိန်းကလေးငယ်နှစ်ယောက်ထိုင်နေကြလေသည်။ ခြံထဲက လန်းကော့စွာပွင့်နေကြသော စံပယ်ရုံနှင့်အပြိုင် ထိုမိန်းကလေးတို့ကလည်း ဆယ်ကျော်သက်အရွယ်ငယ်ရွယ်မှုများနှင့် အပြိုင် နုနယ်နေကြပါသည်။"နင် နေကောင်းပြီလား"
"အင်း အဖျားတော့မရှိတော့ဘူး"
"အဲ့တာဆို နက်ဖြန်ကျ ရွှေတောင်ကိုသွားကြမလား"
"ဘာရှိလို့လဲ ရွှေတောင်မှာ"
" နတ်တော်ပွဲတော်လေဟာ။ လူအရမ်းစည်တာ။ ပြည်ကိုပြောင်းလာကတည်းက ငါမရောက်ဖြစ်တော့တာ"
ထိုအခါ ပန်းပွင့်လေးက တစ်ခုခုကိုစဥ်းစားနေဟန်ရှိလေသည်။
"မနက်ဖြန်တော့မရဘူးဟာ ငါသွားစရာရှိနေလို့"
"ညဘက်လေဟာ ညဘက်တော့သွားစရာမရှိဘူးမလား""အဟင်း နှစ်ရယ် ငါကနင်နဲ့ဆို ဘယ်အချိန်မဆိုလိုက်ချင်ပါတယ်ဟာ။ ခုက တကယ်သွားစရာရှိနေလို့ပါ။ သွားချင်ရင် သန်ဘက်ခါကျသွားမယ်လေ"
"တော်ပါ နက်ဖြန်က လပြည့်နေ့ နောက်ဆုံးနေ့။ နောက်နေ့ဆို ပွဲတော်ကပြီးပြီ။ နင်ကဘယ်သွားမှာမို့လို့လဲ"
ပန်းပွင့်လေး၏ ပြောင်းလဲသွားသော မျက်နှာအရိပ်အခြည်တို့ကို နှစ် တစ်ယောက်တော့ မမြင်လိုက်ပေ။
"ဟင် ဟို တစ်ညအိပ်ခရီးသွားရမှာ"
"ညအိပ်လား။ ဘာလဲ အမျိုးအိမ်လား"
"အင်း ဟုတ်တယ် အမျိုးအိမ်ကို"
ပန်းပွင့်လေး အမှန်တိုင်းပြောလိုက်သည်။ တကယ်တော့ အမျိုးတွေထက်ကို ပိုတဲ့အမျိုးတွေပါ။ ငါ့ဘဝရဲ့ ရွှေခင်းလမ်းပေါ်ရောက်နေတဲ့အချိန်ကျမှ နင်ကငါ့ကိုတွေ့ခဲ့တော့လည်း ငါ့အတွက် အနာကျင်ရဆုံးမေးခွန်းတစ်ခုကိုမေးလိုက်တဲ့ နင့်ကို ငါစိတ်မဆိုးပါဘူး။
"သြော် ညအိပ်ဆိုတော့ နက်ဖြန်ငါပျင်းနေရတော့မယ်ပေါ့။ ငါ့ဟာငါတစ်ယောက်တည်း သွားလည်ရင်ကောင်းမလား"
"နင့်အမေကလွှတ်မှာတဲ့လား"
"ဟုတ်တယ်နော်။ တစ်ခါတစ်လေကျရင်လေ ငါအရမ်းလွတ်လပ်ချင်တာပဲ။ ခုအတိုင်းကြီးက ချုပ်ချယ်ခံထားရသလို ငါ့စိတ်တွေမလွတ်မလပ်နဲ့"