"ပန်းပွင့်လေး""ဟင်"
"နင် ခုရက်ပိုင်း ဘာတွေလုပ်နေတာလဲ"
ရုတ်တရက်မေးခွန်းကြောင့် ဖုန်းနှင့်စာစီနေရင်း တုံ့သွားလေသည်။ နှစ် များ သိသွားသလားဆိုပြီး အကဲခတ်ကြည့်တော့ သိပုံတော့မပေါ်သေးပေ။
"ငါ ဘာလုပ်လို့လဲ""အမျိုးအိမ် အမျိုးအိမ်ဆိုပြီး ထွက်ထွက်သွားတာလေ။ ခုတလော အသွားအလာတွေ ခြေတွေရှုပ်နေတာနော် မပြောသေးဘူး ကြည့်နေတယ်"
"ဟုတ်တယ်လေ နှစ်ရဲ့ အမျိုးအိမ်သွားတာပဲဟာ"
"မယုံပါဘူး။ ငါ့စိတ်ထဲတော့ နင်လိမ်နေတာလို့ ထင်ထင်နေတယ်။ မှန်မှန်လိမ်နော် သူများပြောမှသိရရင် ငါပိုစိတ်ဆိုးမှာ"
"အမလေး အစ်မရယ်။ စိတ်တော့မဆိုးလိုက်ပါနဲ့။ ငါဘာမှမဟုတ်တာမလုပ်ထားပါဘူး။ တကယ်ပါ ငါ့ကိုယုံနော်"
"အေးပါ ဒါနဲ့ နင်ခုနကတည်းက သဲကြီးမဲကြီးဘာတွေရေးနေတာလဲ"
ထိုအခါ ပန်းပွင့်လေးက ဖုန်းကို ပြာသလဲလဲပိတ်လိုက်လေသည်။ နှစ် ကိုမသိစေချင်ပါ။ ယွင်းသွားသောမျက်နှာကို ချက်ချင်းပြုံးလိုက်ပြီး
"ဘာမှမရေးပါဘူး"
"မဟုတ်တာ ပြောပါ ဘာတွေရေး"
"ဟို စာ စာပို့နေတာ သူငယ်ချင်းတစ်ယောက်နဲ့"
"စာပို့ရင် အသံမြည်မှာပေါ့။ ခုနက ပိုစ့်တင်မလို့လုပ်နေတာ ငါမြင်သားပဲကို ပြပါ ဘာလဲလို့"
နှစ်နဲ့တော့ ခက်နေပါပြီ။ ဒီနေ့ကျမှ နှစ်ဘေးတွင် ပိုစ့်တင်ဖို့လုပ်မိနေပါသလဲ။ လောလောလတ်လတ်ပီတိလေးကြောင့် ခေါင်းထဲစာစုလေးပေါ်လာ၍ တင်မယ့်ကြံ နှစ်ကြောင့် ခဏရပ်လိုက်ရသည်။
ပန်းပွင့်လေး၏နောက်ကြောင်းတွေ ဒီမှာသာပေါ်ကုန်ရင် နှစ် စိတ်ဆိုးလိမ့်မည်ထင်သည်။ ဘာလို့အရမ်းသိချင်နေရသလဲ နှစ်ရယ်။"ဘာမှမဟုတ်ပါဘူးဆိူ နှစ်ရယ်။ ငါ့ ကိုယ်ရေးကိုယ်တာထိ လိုက်ပြနေရမလား"
ပန်းပွင့်လေးအသံက နည်းနည်းမာသွားတော့ နှစ်က ကြောင်သွားသလိုကြည့်လေသည်။ ကိုယ်ကြားလိုက်သည့် စကားတစ်ခွန်းသည် စိတ်မရှည်မှုများပါဝင်နေကာ ပြောလာသူမှာလည်း နှစ်ကိုတစ်ခါမှပင် ထိုသို့မပြောဖူးသည့်လူဆီက။ နှစ် ကြက်သေသေသွားတာတော့အမှန်ပါ။