၂၀ (Unicode)

62 10 0
                                    

ရူပ​​ေဗဒအဆောင်ရှေ့​တွင် တစ်လှမ်းမှမရွေ့ဘဲ တောင့်တောင့်ကြီးရပ်နေမိသော နှင်း။

စာအုပ်လေး သုံးလေးအုပ်ကို ရင်ဝယ်ပိုက်ထားရင်း နှစ်တို့အတန်းဆင်းလာမည်အချိန်ကို စောင့်နေခြင်းဖြစ်သည်။
လာတုန်းကတော့ တကယ်ကိုသတ္တိအပြည့်နှင့်ဖြစ်သည်။ ဘယ်ကနေထွက်လာမှန်းမသိသည့် သတ္တိကြောင့် စာသင်ဆောင်ရှေ့ထိ ရောက်လာခဲ့ပေမယ့် ရင်တွေအရမ်းခုန်နေခဲ့သည်။ ယခုတော့ တစ်ဟုန်ထိုးထွက်လာသည့် သတ္တိတွေလည်း အရည်ပြန်ပျော်ကုန်ကြလေပြီ။ ရှေ့ဆက်မတိုးရဲတော့ပေ။

ပြန်လှည့်သင့်လား မလှည့်သင့်လား။ နှစ်ကရော တွေ့ပါ့မလား။ ရှောင်သွားမှာပေါ့။ တကယ်တမ်းတွေ့ခဲ့ရင်ရော ဘာပြောရပါ့မလဲ။
နှင်းခေါင်းထဲ မေးခွန်းများပလုံစီနေသည်။

ရပ်နေဆဲမှာပင် အခန်းကိုယ်စီမှ လူတွေတဖွဲဖွဲထွက်လာသည်။ စိတ်ထဲ လှည့်ပြန်ချင်စိတ်တွေပေါက်လာသော်လည်း ခြေထောက်တွေကမရွေ့။

ကျောက်ချထားသလို အကြောများဆိုင်းကာ လှုပ်မရတော့ပါ။ လှုပ်မရချင်းတူတူ နှင်းတို့ကြားက လွဲမှားနေတဲ့အရာကို သိရမှဖြစ်မယ်ဟု ကိုယ့်ကိုယ်ကိုယ်ပြန်အားတင်းကာ ပေရပ်နေလိုက်သည်။ တစ်ခုခုတော့ထူးခြားမှဖြစ်မည်လေ။

ဟော တွေ့ပါပြီ နှစ်ကို။ မိုးပြာရောင် လက်ရှည်ပြောင်တွင် ရင်ညွှန့်နား နီညိုရောင်ပန်းခက်တစ်ခုပါသည်။ မိုးပြာရောင်နှင့် ပန်းရောင်နှစ်ရောင်နှော အလှိုင်းတွန့်လေးတွေက အစိတ်အကြဲညီလှသည်။ နက်မှောင်လှသောဆံနွယ်တွေဟာလည်း ခါးလယ်ထိဝဲကျနေကာ နားသန်စနှစ်ဖက်က လည်တိုင်အောက်ထိ သွယ်လျစွာဆင်းကျနေသည်။ ရိုးရိုးလေးနှင့် ခေတ်ဆန်ဆန်လှနေသော နှစ်ဟာ တကယ့်ကိုနတ်သမီးလေးတစ်ပါးလို။

အဖြူအစိမ်းလေးနှင့်တုန်းကတောက် ရက်ရက်စက်စက်လှတာ ခုလိုအရောင်စုံအသွေးစုံဆိုတော့ ပပဝတီ​ရှုံးလောက်ပါသည်။

ဘေးမှာလည်း ကောင်မလေးတစ်ယောက်ပါသည်။ ရယ်​မောနေကြပြီး လက်ကလေးတွဲလိုက်လို့။ နှစ်တောင် သူငယ်ချင်းအသစ်ရနေပြီကိုး။

Two & SnowWhere stories live. Discover now