ဦးနေ ရန်ကုန်စသွားသည့် မနက်ကစ၍ နေ့ရက်တိုင်းကို လင်းယံ ခြောက်သွေ့စွာဖြတ်သန်းခဲ့ရသည်။ အနားတွင် အရိပ်တကြည့်ကြည့် လိုက်စောင့်ရှောက်ပေးနေကျ လူတစ်ဦး ရုတ်တရက်ကြီးမရှိတော့သည့်အခါကျ အစစအရာရာ တစ်ယောက်တည်း ယောင်နနဖြစ်ကျန်ခဲ့သည်။
အလျဥ်းသင့်သလို တိုက်ဆိုင်မိလျှင်လည်း သတိရနေတတ်ပြန်သည်။ သတိရရုံတင်မဟုတ်ဘဲ နောက်ဆက်တွဲပါလာသည့် ရင်ဘတ်နေရာကအောင့်အောင့်လာသည့် နာကျင်မှုကို ခံရသည်မှာ ခံရတိုင်းတွင် ရိုးမနေခဲ့။
အသစ်တစ်ခုလို ဒဏ်ရာသည် အမြဲနာကျင်နေဆဲ။
စာမလာ ဖုန်းမဆက် သတင်းအဆက်အသွယ်အဖြတ်ခံထားခဲ့ရသည်။ နွေလည်ခေါင် သဲကန္တာရထဲလမ်းလျှောက်နေရသလို နေ့ရက်တိုင်းမှာ သူ့ရင်ထဲအပူလွန်နေခဲ့သည်။
လွမ်းလို့ဆိုပြီး စာပို့လို့မရ။ အကြိမ်ပေါင်းများစွာပို့ဖူးပေမယ့် တစ်ခါလေးတောင် ပြန်စာရောက်မလာခဲ့။ အသံလေးကြားချင်လို့ပါဆိုပြီး ဖုန်းဆက်လို့မရ။ စာတောင်ပြန်မပို့တာ ဖုန်းကိုင်ဖို့ဆိုတာ ဝေးစွ။ ကျန်သည့်သူများနှင့် အဆက်အသွယ်ရပြီး သူ့တစ်ယောက်တည်းကိုသာ သတင်းအမှောင်ချထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လွမ်းလျှင် အိမ်ကိုသွားရသည်။
အခန်းထဲဝင်ကြည့်သည်။ ထိုအခန်းတွင်ပဲ ညအိပ်သည်ကများသည်။ ဦးနေအငွေ့အသက်တွေရှိနေသည့် အခန်းထဲရောက်လျှင် ခါတိုင်းထက် ပိုလွမ်းရတော့သည်။ အလွမ်းပြေစေသည့်အသည် တစ်ဖက်မှာလည်း ပိုလွမ်းစေသည်။ လင်းယံဘာမှမတတ်သာခဲ့။
ဓာတ်ပုံနောက်ကစာခေါက်လေးဆိုတာ ဘယ်နှစ်ခေါက်မှန်းပင်မသိတော့ချေ။
တကယ်တော့ ထိုနေ့ကစာကိုပြီးအောင်ဖတ်မိခဲ့ရမှာ။ ဒါမှမဟုတ် လုံးဝမဖတ်မိခဲ့ရမှာ။ ပြီးအောင်ဖတ်လိုက်ရရင်လည်း ဦးနေရဲ့အချစ်ကို ရှင်းရှင်းလင်းလင်းကြီးနှင့် စောစောသိလိုက်ရမည်။ မဖတ်ဖြစ်ခဲ့လျှင်လည်း နဂိုအခံသံသယသည် ကြီးထွားလာခဲ့မည်မဟုတ်။
စာထဲတွင် လင်းယံပထမဆုံးမြင်ဖူးသည့် ဦးနေ၏ လက်ရေးသေးသေးဝိုင်းဝိုင်းလေးများသည် စာတစ်မျက်နှာအပြည့် ရှိနေသည်။