"နှင်း"
"ရှင်"
"ကျွန်တော်မေးစရာတစ်ခုရှိနေလို့"
"ဟုတ် မေးလေ"
"ဟိုလေ နှင်း ပြောတော့ နှစ်နဲ့ နှင်းနဲ့က အမျိုးဆိုတာထက်ကို ပိုတယ်ဆို"
နှစ် အကြောင်းပါလာတော့ နှင်း မျက်လုံးလေးတွေ အရောင်လက်လာသည်။
"အင်းလေ"
"နှစ်ကို ကျွန်တော်မေးကြည့်တော့လေ ဟို ဟို နှင်းကို မသိဘူးတဲ့"
"သြော်"
ငွေ့ငွေ့လေးထွက်သွားသော အာမေဋိတ်သံလေးသည်ရင့်ထဲမှနင့်ခနဲ ထွက်သွားလေသည်။ နှင်း ထင်ထားသလိုပေမယ့် တကယ့်တကယ် နားနှင့်ကြားရတော့လည်း ဝမ်းနည်းမိသား။ နှစ်မှာ သည်လောက်အမုန်းတွေများနေလိမ့်မယ်လို့ နှင်းမထင်မိခဲ့။ ကိုယ့်ကိုခင်တဲ့စိတ်လေး မြူမှုန်တစ်မှုန်စာလောက်တော့ ကျန်လိမ့်ဦးမယ်လို့ ထင်ခဲ့တာ။
"ဘယ်ဟာအမှန်လဲ နှင်း"
"ကိုနေက ဘယ်လိုထင်လို့လဲ"
"ကျွန်တော်ကတော့ နှင်း ပြောတာအမှန်လို့ထင်တယ်။ သေချာပြန်စဥ်းစားကြည့်တော့ နှစ်ပုံစံက တမင်မသိချင်ယောင်ဆောင်ထားသလိူကြီး။ နှင်း အကြောင်းပြောမိတော့ ရှောင်ထွက်သွားတာ အကြောင်းရှိမယ်ထင်တယ်။ နှင်းတို့ကြားမှာ ဘာတွေဖြစ်ခဲ့ကြလို့လဲ။ ပြောပြလို့ရရင် ပြောပြပါလား"
ထိုအခါ နှင်းက ရီဝေဝေလေး ကြည့်လာလေသည်။ စဥ်းစားရုံနှင့် ဝမ်းနည်းရဟန်၊ တွေးမိရုံနှင့် ဆွေးမြေ့ရဟန်ရှိသော မျက်လုံးတွေက အတိတ်ကိုအတိတ်မှာထားခဲ့ချင်ဟန် သဘောတွေမြင်နေရသည်။ ပြောပြချင်ပေမယ့် ပြောမထွက်နိုင်သည့်အရိပ်တွေကိုလည်း မြင်နေရပြန်သည်။
သူမေးမိတာ မှားများသွားသလား။ သူများရဲ့ဒဏ်ရာတွေများ ဆွမိသလိုဖြစ်သွားလေသလား။
ထို့ကြောင့် ကိုယ့်စကားကို ကိုယ်ပြန်ဘရိတ်အုပ်ရလေသည်။"ဟို စပ်စုတယ်လို့မထင်ပါနဲ့ နှင်း ပြောလို့မရရင် နေပါ။ ကျွန်တော်မသိချင်တော့ပါဘူး"
"မဟုတ်ပါဘူး ကိုနေရယ်။ နှင်း ပြောပြမှာပါ။ နှင်း ရင်တွေပေါ့သွားအောင် တစ်ယောက်ယောက်ကို ပြောပြချင်ခဲ့တာပါ။ ဒါကြောင့် နှင်းအားယူနေတာပါ"