နှစ်ဝက်စာမေးပွဲမဖြေခင် ရက်ပိုင်းအလို တစ်ရက်ရက်တွင်ဖြစ်သည်။"နှစ် ငါ့ကိုဒါလေးရှင်းပြဦး"
နှင်း သင်္ချာတွက်နေရင်းက နားမလည်၍ နှစ်ကိုမေးလိုက်သည်။
ဝတ္ထုစာအုပ်ထူထူကို စျာန်ဝင်စားစွာ ဖတ်နေသော နှစ် က နှင်းကိုလှည့်၍ပင်မကြည့်။"နှစ် ရှင်းပြဦးလို့"
"နင်ကလည်း ကိုယ့်ဘာသာလိုက်မမှတ်ဘဲ။ ငါဒီမှာဖတ်ကောင်းနေလို့ တခြားသူသွားမေး"
နှစ်က ထိုသို့ပြောတော့ နှင်းဝမ်းနည်းသွားသည်။ ခါတိုင်းလည်း နှင်း နားမလည်တိုင်း နှစ်ကိုမေးနေကျ နှစ်ကလည်း သေသေချာချာတွက်ပြနေကျ။ သက်မဲ့ဝတ္ထုစာအုပ်မပြောနှင့် သက်ရှိလူတစ်ယောက်နှင့် စကားပြောနေရင်း နှင်းက စာမေးတယ်ဆိုရင်တောင် စကားပြောတာရပ်ပြီး စာရှင်းပြတတ်သည့်နှစ်က ဒီနေ့တော့ နှင်းကို အလေးမပေးပါလေ။
နှင်းအတွက် ပထမဆုံးအငြင်းခံရခြင်း ဖြစ်ခဲ့ပါသည်။
"အေးပါ"
နှင်း တစ်ဖက်လှည့်ပြီး အခြားသူငယ်ချင်းတစ်ယောက်ကို မေးရလေသည်။ "နှစ်"ရှင်းပြနေကျမို့လို့ထင်သည်။ တခြားတစ်ယောက် ရှင်းပြတာ သိပ်နားမလည်သလိုခံစားရသည်။
ရင်ထဲမကောင်းလွန်း၍ နှစ်ဘက်ကို လည်ပြန်ကြည့်တော့ နှင်းပို၍ပင်ဝမ်းနည်းသွားရတော့သည်။ နှစ်က တခြားတစ်ယောက်ကို စာတွေရှင်းပြနေလေသည်။ သူဖတ်နေတာ အရှိန်တက်နေပါတယ်ဆိုသည့် ဝတ္ထုစာအုပ်ကလည်း ဘေးမှာမေှာက်လျက်သား။
နှစ် တစ်ခုခုတော့ဖြစ်နေပါပြီ။ နှင်း များ ဘာအမှားလုပ်မိတာလဲဆိုတာ ဘယ်လိုမှတွေးမရ။ တကယ်အမှားလုပ်မိရင်တောင် ဗွေယူလေ့မရှိသည့် နှစ်က သည်နေ့ထူးခြားနေသည်ဟု နှင်းစိတ်ထဲ အတပ်သိနေမိသည်။
"ဆောင်းနှင်းသွယ်"
"ဟင်"
နှင်း ဝမ်းနည်းနေတုန်း အတန်းဖော်ဖြစ်သူ ဖူးရတီက ခေါ်၍ မအူမလည်လေးထူးလိုက်သည်။
"ခဏ အခန်းအပြင်ဘက်လိုက်ခဲ့ပါလား"
"ဘာပြောမလို့လဲ ဒီမှာပဲပြောလေ"