"လေးလေး ချမင်းစားလို့ရပြီတဲ့ ရွှတ် ရွှတ်"
နှာလေးရှုံ့ကာရှုံ့ကာနှင့် အခန်းထဲထိ လာခေါ်သော မဆုသားလေးကြောင့် စာရေးနေတာအဆက်ပြတ်သွားလေသည်။ ဘာစာလဲဆိုလျှင် လေးလေးကို သတိရတိုင်းရေးသည့်စာအုပ်ထဲမှာ ဒီနေ့ပထမဆုံးနေ့အကြောင်းတွေ ရေးမလို့ပြင်နေတာဖြစ်သည်။ အစပဲချီရသေးချိန်တွင် သူ့တူလေးလာခေါ်တာမို့ ထမင်းစားပြီးမှရေးတော့မည်ဟု ဆုံးဖြတ်လိုက်ကာ အောက်ထပ်ကနေ အပေါ်ထပ်ထိ ပင်ပင်ပန်းပန်း လာခေါ်ရှာသည့် သီဟလေးကို ကောက်ချီလိုက်သည်။
"လာ သွားမယ်"
"ရွှတ် ရွှတ်"
"သားသီဟ"
"ဂျာ"
"မင်း နှားစေနေတာလား"
"မေမေပြောတာတော့ တား နေမကောင်းဖြစ်နေတာတဲ့။ အာာ့ကြောင့် ခုလို နှာတွေချုံ့နေတာ"
မပီကလာပီပလာနှင့် ချစ်စရာကောင်းသော သူ့တူလေး၏ပြောတတ်ပုံကြောင့် အူတွေယားသွားရသည်။
"နေမကောင်းရင် ဆေးခန်းသွားရမှာပေါ့"
ထမင်းဝိုင်းသို့ရောက်တော့မှ ကလေးကိုချကာ နေရာဝင်လိုက်သည်။
"မဆု သားလေး ဖျားနေတာလား"
"အေးလေကွာ မနေ့က အအေးမိတယ်ထင်တယ်"
မဆုယောက်ျားဖြစ်သူ ကိုမိုးထက်ကဝင်ပြောလေသည်။"အကိုတို့ ဆေးခန်းသွားမပြဘူးလား"
"ပြမှာ မနက်ဖြန်ကျရင်သွားရမယ်"
"ဟင့်အင်း သွားဘူး သွားဘူး။ ချရာဝန်က ချေးထိုးအပ်နဲ့ထိုးမှာ။ တား ကြောက်တယ် မသွားချင်ဘူး"
ထိုအခါ တစ်မိသားစုလုံးရယ်မိကြလေသည်။
တစ်မိသားစုလုံး၏ အချစ်တော်လေးဆိုတော့လည်း အပြုအမူတိုင်းကို ပုံချစ်နေရတာ။"ဆေးမထိုးရင် သား ပိုနေမကောင်းဖြစ်မှာပေါ့။ အဲ့ကျမှ အဖျားကူးမှာစိုးလို့ ဘယ်သူမှမအနားမကပ်ပဲနေမယ်"
"ဟင့်အင်း ချေးပဲသောက်မယ် မေမေ နော် ချေးပဲသောက်မယ်နော်"
"အေးပါ သားရယ် ဒါပေမဲ့ ဆရာဝန်တော့သွားပြရမယ်လေ။ သားဆေးမထိုးချင်ဘူးဆိုရင်လည်း ဆရာဝန်ကြီးကိုပြောပေါ့။ နော် ဆေးခန်းသွားမှ သားနေကောင်းမှာပေါ့"