"ဘွားသီတာ ဦးနေရော"အိမ်ထဲဝင်ဝင်ချင်းပင် ဧည့်ခန်းတွင် ပုတီးတစ်ကုံးနှင့် ငြိမ်ငြိမ်လေးစိပ်နေသော ဘွားသီတာကို
မေးလိုက်သည်။ ဇရာကျသွားပြီဖြစ်သော ဘွားသီတာလည်း သူ့အသံကို ရုတ်တရက်ကြားလိုက်သည်ကြောင့် အရအကြောင်းများထနေသော မျက်နှာလေးပြုံးလာလေသည်။"သြော် သားတောင် ရောက်ပြီလား။ အခန်းထဲမှာပေါ့။ အော် မေ့လို့ မေ့လို့ ဘာဝယ်ဆိုလည်း သွားတယ်။ အခန်းထဲကသွားစောင့်နေချေ့"
"ဟုတ်"
ခုတလော ဦးနေတို့အိမ်ကိုပင် အတော် အရောက်ကြဲသွားသည်။ ခါတိုင်းဆို တစ်ပတ်နှစ်ခါသုံးခါလောက်ကို သွားလည်သည်။ တခါတလေ ညအိပ်သည်။
တက္ကသိုလ်စတက်ကတည်းက မရောက်ဖြစ်တော့တာဆိုတော့ တစ်လလောက်ပင်ရှိတော့မည်။ သို့သော်လည်း ဦးနေအိမ်သည် သူ့အိမ်၊ သူ့အိမ်သည် ဦးနေ့အိမ်လိုပါပင်။ တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာနိုင်သည်။အခန်းထဲရောက်တော့ သပ်ရပ်နေသော ဦးနေအခန်းကိုကြည့်၍ စိတ်ထဲရှင်းသွားသည်။ အပြင်အဆင်တွေကတော့ အရင်လိုပါပဲ။ တစ်ခါလေးတောင်မှ နေရာအရွှေ့အပြောင်းမလုပ်ခဲ့။
တစ်ခန်းလုံးအလင်းရောင်ကောင်းကောင်းရသည့်အပြင် အကျယ်ကြီးဆိုတော့ "ဒီမှာသာပြောင်းနေချင်တယ်"ဟု ခဏခဏပြောမိသည်။
ဦးနေကတော့ အမြဲတမ်း" အချိန်မရွေး လာနေ"တဲ့။ သူ့ဆန္ဒဆို ဦးနေက တစ်ခါမှ ငြင်းခဲ့ဖူးတာမရှိ။ တီလေးကမှ မိန်းကလေးပီပီ ဆူသလိုငေါက်သလိုရှိသေးသည်။ ဦးနေကျ သူပြောသမျှ မှားသည်မှန်သည်မပြော ခေါင်းတငြိမ့်ငြိမ့်နှင့်လိုက်လျောပေးသည်။
အရင်ကတော့ ဘယ်လိုမှမထင်ပေမယ့် ခုနေ့ကြားလိုက်ရသည့်စကားတွေကြောင့် စိတ်ထဲထင့်နေခဲ့သည်။ ဦးနေ သူ့ကိုဘယ်လောက်ချစ်လဲ ဘယ်လိုချစ်လဲ သိချင်စိတ်များပြင်းပြနေသည်လေ။
တွေးကြည့်စရာမလိုအောင် အချစ်ခံနေရတာကို ဘာလို့များ ဦးနေအပေါ်သံသယဝင်မိသည်လဲ သူမစဥ်းစားတတ်။ ဦးနေက သူ့အပေါ် ညီတစ်ယောက်ထက်ပိုပြီး ချစ်သူလို ချစ်ပါသည်ဆိုပါတော့။ ဒါဆို လင်းယံဘာလုပ်မှာလဲ။ သူဖြစ်ချင်တာကဘာလဲ။
"ကျွန်တော့်ကိုအဲ့လိုမချစ်နဲ့"ဆိုပြီး အော်ပြောမိမှာလား။ ဘယ်သူ့အတွက်နဲ့ ဦးနေကို ပြန်အော်မှာလဲ။ နှစ်အတွက်လား။