၁၂ (Zaw Gyi)

27 4 0
                                    


"တချို့လူကောင်းတွေ အကြွေစောလွန်းတယ်
ကျွန်မဘဝရဲ့ ပထမဆုံးမိတ်ဆွေပါ အပါအဝင်ပေါ့
           မီးမီးလေး"

သူ့ Newfeed ပေါ်တွင် တက်လာသည့် စာသားလေးတစ်ခုကို လင်းယံအကြာကြီးစိုက်ကြည့်နေမိသည်။ အရင်ကတည်းက ဤစာရေးဆရာမတင်လိုက်သည့် စာစုတွေက များသောအားဖြင့် သူ့အကြောင်းနှင့် တိုက်ဆိုင်နေတတ်သည်။

တိုက်ဆိုင်လွန်းလို့လည်း ပေ့ခ်ျကို သူ လိုက်ခ်လုပ်ထားခဲ့တာ။ စာတစ်ခုတစ်ခုတက်လာဖို့ အတော်ကြာတတ်သည်။ တက်လာလျှင်လည်း သူ့အကြောင်းကိုရှာပြီးရေးထားသလိုဟုတောင် ထင်မိသည်အထိ။ ဆရာမ၏ပုံကို ပေ့ခ်ျထဲ ရှာကြည့်ပြန်တော့လည်း တင်မထားသည့်အတွက် ဘယ်သူဘယ်ဝါဆိုတာ လုံးလုံးလျားလျားမသိရပေ။

အခုစာသားလေးကိုပင်ကြည့်လေ။ သူနဲ့ဘယ်လောက်တောင်တိုက်ဆိုင်လိုက်လဲ။ သူ့ဘဝရဲ့ ပထမဆုံးမိတ်ဆြွေဖစ်တဲ့ လေးလေး။ အကြွေစောလွန်းခဲ့တဲ့ လူကောင်းလေးလေး။

ကွန့်မန့်ဆိုတာကိုနှိပ်ပြီး သူခံစားရသည့်အတိုင်း သူရေးချလိုက်သည်။

"ကျွန်တော့်ရဲ့ပထမဆုံးမိတ်ဆွေလည်း အကြွေစောခဲ့တယ်" ဟူ၍။

"လင်းယံ မထသေးဘူးလား"

ချမ်းချမ်းနှင့် ထရမှာပျင်းနေသော လင်းယံအခန်းထဲသို့ ရောင်ဝါနေဝင်လာလေသည်။

"ဟာ ဉီးနေ ဘယ်လာတာလဲ"

"မင်းကိုကျောင်းလိုက်ပို့မလို့"

"တကယ်လား။ အဟား ပျော်ပြီလေ။ ခဏစောင့် ရေမိုးချိုးမျက်နှာသစ်လိုက်ဉီးမယ်"

"ဖြည်းဖြည်းလုပ်"

ရေချိုးခန်းထဲဝင်သွားတော့မှ မွေ့ယာပေါ်က စောင်တွေခေါက်သည်။ သပ်သပ်ရပ်ရပ်ရှိအောင် ပြင်ပေးလိုက်သည်။ ခါတိုင်းလည်း သူလုပ်ပေးနေကျ။

ပြီးနောက် မွေ့ယာပေါ် ထိုင်ချလိုက်၍ အခန်းထဲတစ်ပတ်လှည့်ကြည့်လိုက်သည်။ ဘာမှမပြောင်းလဲသေးဘဲ အရာရာဟာ အရင်တိုင်းရှိနေကြပါသည်။

ရောင်ဝါနေစိုးရိမ်မိသည်က လင်းယံက အချစ်ကိုစတင်ထိတွေ့မိနေပြီဖြစ်သည့် အရွယ်ရောက် လူငယ်တစ်ယောက်ဆိုတော့ သူ့ကိုကလေးတစ်ယောက်လို လိုက်အုပ်ချုပ်တာစောင့်ရှောက်တာတွေကို စိတ်ကျဉ်းကြပ်စရာလို့ထင်ပြီး မလိုချင်တော့မှာ စိုးရိမ်တာ။ ကိုယ်ချစ်တဲ့သူရဲ့ရှေ့မှာ သူရဲကောင်းတစ်ယောက်လို ရပ်တည်ပြချင်ကြတာ ချစ်မိသွားတဲ့သူတွေရဲ့အကျင့်ပဲလေ။ ကိုယ်ကသာ လင်းယံအပေါ်ထားတဲ့ မေတ္တာကြောင့် အရင်က​ထက် လျော့သင့်လျော့ပေး လွှတ်သင့်လွှတ်ပေးနေခဲ့တာ။
လွှတ်ပါများလာရင် လိုက်ထိန်းစရာမလိုတော့အောင် ကိုယ့်လမ်းကိုယ်ကျောင်းနိုင်သည့် အခြေအနေတစ်ခုကို တစ်နေ့တော့ရောက်လာမှာပင်။ ဒါကြောင့် နောက်ကျရင်တော့ သူကိုယ်တိုင် လင်းယံကို လိုက်စောင့်ရှောက်တာတွေ ဂရုစိုက်တာမျိုးတွေ မလုပ်တော့ဟု ဆုံးဖြတ်ထားပါသည်။
ထို့အစား ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်အောင်၊ လောကကြီးအကြောင်းသိအောင်ပဲ လမ်းပြပေးဖို့စိတ်ကူးထားသည်။

Two & SnowWhere stories live. Discover now