(Zawgyi)
"မင်္ဂလာမနက်ခင်းပါ ..."
Hoseok နန်းတွင်း တံခါးဝတွင် စောင့်ကြပ်နေသော အမှုထမ်းရဲ့ နှုတ်ဆက်မှုကို ခေါင်းငြိမ့်ပြပြီး နန်းတွင်းရဲ့ ရှေ့တည့်တည့်တွင် ရပ်ထားသော အနီရောင်ပြိုင်ကားလေးဆီကို ခပ်မြန်မြန်လျှောက်သွားလိုက်သည် ။ သူကားနားရောက်တော့မှ ကားမှန်တံခါးချကာ ပြုံးပြလာတဲ့ Kim Taehyung ။ သူ့ဘေးခုံက ကော်ဖီခွက်နဲ့ မုန့်ထုပ်ကို မြှောက်ပြလာကာ
"မနက်စာကို လာပို့ပေးတဲ့ ကျွန်တော်က အလိုက်သိတယ်မလား အမှတ်ပေးချင်စရာလေးမလား "
ထိုကောင်လေးမေးလာတဲ့ စကားကြောင့် သူရယ်လိုက်မိသည် ။ မနက်ခင်းတွေထဲမှာ သူပထမဆုံး စိတ်လိုလက်ရ ရယ်ဖူးတဲ့ မနက်ခင်းတစ်ခုပဲ ။
နန်းတွင်းနဲ့ မနီးမဝေးနေရာတွင် တည်ရှိသော သစ်ပင်အောက်က ထိုင်ခုံတွင် နှစ်ယောက်သား ထိုင်လိုက်ကြတော့ ကောင်လေးက ကော်ဖီခွက်ကို ကမ်းပေးလာ၏ ။ ပြီးတော့ ဘာဂါကို အိတ်ထဲကနေမထုတ်သေးပဲ လက်နှစ်ဖက်နဲ့ ဖိချလိုက်တဲ့ ကောင်လေးကြောင့် သူကြည့်လိုက်မိသည် ။
"ဒီလို လက်ထဲထည့်ဖိလိုက်ရင် ကိုက်ရတာပိုလွယ်တယ် ရော့ "
Taehyung က လက်ထဲကို ထည့်ပေးလာပြီးနောက် နောက်တစ်ခုကိုလည်း ထိုကဲ့သို့လုပ်ပြီး စားနေ၏ ။ ထိုကောင်လေးမသိတာက သူက ဘာဂါကို သိပ်မကြိုက်တတ်ဘူး ။ ဒါပေမယ့် လက်ထဲက ဘာဂါကိုကြည့်ပြီးနောက် တစ်ကိုက်ကိုက်လိုက်သည် ။
"စားလို့ကောင်းတယ်မလား ...လူတွေက စားကောင်းတာတွေ တွေ့တဲ့အချိန်ဆို ကိုယ်ချစ်တဲ့သူတွေကို သတိရတတ်ဆိုတာအမှန်ပဲထင်တယ် ဒီဆိုင်ရှေ့ကို ဖြတ်သွားတာ ခင်ဗျားကို ပထမဆုံးသတိရသွားလို့ ဝယ်လာတာ "
ကောင်လေးက သူ့ကိုကြည့်ကာပြောလာ၏ ။
"ဒီလိုစကားတွေလည်း ပြောတတ်တာပဲလား "
"So so ....အများကြီးရှိသေးတယ် ကြွေဖို့ရာသာပြင်ထား "
ကောင်လေးရဲ့စကားကြောင့် သူရယ်လိုက်မိသည် ။ Kim Taehyung နဲ့နေရတာ လူငယ်ဆန်တဲ့ဘဝကို အနည်းငယ် ခံစားမိ၏ ။