"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"
အပိုင်း (၁၂)
နံနက်စောစော အိပ်ယာထကြပြီး ရွာဦးဘုန်းကြီးကျောင်းသို့ ပိုင်ငယ်တို့ ရောက်နေကြသည်။ မြတ်မင်းသာက လှူစရာများလှူပြီး ဆရာတော်ကြီးနှင့် စကားပြောကာကျန်ရစ်ခဲ့သည်။ ပိုင်ငယ်နှင့် ကလေးတချို့က ရွာဦးစေတီတွင် ဝေယျာဝစ္စများလုပ်ကြပြီး ကိုခန့်နှင့် ကလေးတချို့မှာ ကျောင်းဝန်းသန့်ရှင်းရေးကို တာဝန်ယူကြရသည်။ နံနက် အာရုံဆွမ်းကပ်ပြီးကတည်းက ပိုင်ငယ်တို့ တာဝန်ကိုယ်စီယူခဲ့ကြသည်။
ရွာဦးဘုန်းကြီးကျောင်းတွင် သောက်ရေကန်တစ်ကန်ရှိပြီး ထိုရေကန်မှ ရေကိုပင် ရွာသူရွာသားများက သောက်ရေအဖြစ်ကြိုချက်သောက်သုံးကြရသည်။ ကန်ထဲတွင် ကြာပန်းများပွင့်လျှက်ရှိပြီး ကန်ပတ်လည်တွင် ပန်းအချို့ကို အစီအရီစိုက်ပျိုးထားသည်။ အတော်အတန်ကျယ်ဝန်းသော ကျောင်းဝန်းနှင့် ကျောင်းဆောင်များက သပ်သပ်ရပ်ရပ်ရှိလှသည်။
ထို့နောက် ကလေးများအဆောင်သို့ သွားရောက်ကြပြီး ကလေးများနှင့် အချိန်အတော်ကြာ အတူရှိပေးခဲ့ကြသည်။ နေ့လည်စာစားပြီးချိန်တွင် ဘိုဘွားများအဆောင်သို့ သွားရောက်ကြပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ လက်သည်းညှပ်ပေးခြင်းတို့ကို စိတ်ရှည်လက်ရှည်လုပ်ပေးကြရသည်။ အဖိုး၊ အဖွား အများစုမှာ ကိုခန့်ကို အတော်လေး ချစ်ကြပြီး ကိုခန့်ကလည်း စကားကို ရွှန်းရွှန်းဝေအောင်ပြန်ပြောရင်း ရယ်မောနေသည်။ မြတ်မင်းသာကတော့ ကိုခန့်ကိုကြည့်လိုက် ပြုံးလိုက်လုပ်နေသည်။
ကျန်းမာရေးစစ်ဆေးပေးရသော တာဝန်မှာ ကိုခန့်နှင့် မြတ်မင်းသာကသာ ယူထားရလေသည်။ ကျန်သောကလေးများက အခြားသော ကိစ္စများကို ပျော်ပျော်ရွှင်ရွှင်ပင် ခွဲဝေလုပ်ကြသည်။ တစ်နေ့တာက အတော်ပင် ပျော်စရာကောင်းပြီး ပိုင်ငယ် မကြုံဖူးသော အတွေ့အကြုံများစွာ ရရှိလိုက်သည်။ စစ်မှန်သော ပျော်ရွှင်မှုနှင့် မေတ္တာတရားများကို ပိုင်ငယ်ထိတွေ့ခွင့်ရခဲ့သည်။
ညနေစာစားချိန်တွင် ရွာထဲမှာ ဟင်းများလာပို့ထားကြသည်မှာ ပိုလျှံလျှက်ပင်ရှိနေတော့သည်။ မြတ်မင်းသာက အားနာသဖြင့် သူကြီးကတော်နှင့် စကားပြောနေသည်။
DU LIEST GERADE
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)