Part 5 (Z)

293 11 0
                                    


အပိုင်း (၅)

ကားပေါ်တွင် Classic သံစဉ်တစ်ပုဒ်က ငြိမ့်ညောင်းစွာ ထွက်ပေါ်နေပြီး အနက်ရောင် Luxus လေးမှာ အဝေးပြေးလမ်းမပေါ်တွင် တရိပ်ရိပ်ပြေးလျှက်ရှိလေသည်။ ပိုင်ငယ်က ကားကို ကျွမ်းကျင်စွာမောင်းနေပြီး ကိုခန့်က မျက်လုံးများကို မှိတ်ထားသည်။ အိပ်ပျော်နေဟန်ရှိလေသည်။

၁၁၅ မိုင်သို့ရောက်သောအခါ ပိုင်ငယ်က Feel စားသောက်ဆိုင်ရှေ့တွင် ကားရပ်လိုက်သည်။ ကိုခန့်ကိုကြည့်လိုက်မိသောအခါ ကိုခန့်က အိပ်ပျော်နေဆဲဖြစ်လေသည်။ မြင်နေရသည့် မျက်တောင်ရှည်များက စင်းနေပြီး ကိုခန့်မှာ အင်မတန် အေးချမ်းနေသည်။ ခဏအကြာ ပိုင်ငယ့် အကြည့်များက ကိုခန့်၏ နှုတ်ခမ်းနားသို့ ရောက်သောအခါ ရေဆာလာသလိုပင် ဖြစ်လာလေ၏။ ထို့ကြောင့် ပိုင်ငယ်က အကြည့်လွှဲလိုက်ရင်း ကိုခန့်ကို မနှိုးတော့ပဲ ကားပေါ်မှဆင်းကာ ခေါက်ဆွဲဆီကျက် ၂ ပွဲနှင့် ကော်ဖီနှစ်ခွက် ပါဆယ်ဆွဲယူပြီး ဆက်မောင်းလာခဲ့သည်။

ကိုခန့်က နှစ်ခြိုက်စွာ အိပ်မောကျနေဆဲပင်။ ကိုခန့်မှာ စာသင်ရ ပိုင်ငယ်ကိစ္စများလုပ်ပေးရ၊ စာကျက်ရနှင့် ခုရက်ပိုင်း အတော်ပင်ပန်းနေမှန်း ပိုင်ငယ်သိပါသည်။ ထို့ကြောင့် ကိုခန့်နိုးမှစားရန် ပါဆယ်သာ ဆွဲခဲ့လေသည်။ နာရီအနည်းငယ်မောင်းနှင်ပြီး နေပြည်တော်ဂိတ်ရောက်မှ ကိုခန့်က နိုးလာလေသည်။

"ပိုင်ငယ်"

ကိုခန့်နိုးလာသဖြင့် ပိုင်ငယ်က အရိပ်ခပ်ပါးပါးရသည့်နေရာတွင် ကားကို လမ်းဘေးသို့ ချရပ်လိုက်ရလေသည်။

"နိုးပြီလား ကိုခန့်"

"အင်း... ဒါနဲ့ ဘယ်ရောက်ပြီလဲ"

"နေပြည်တော်"

"အာ ၁၁၅ မိုင်မှာ မနက်စာစားမလို့လေ"

"ပြန်လှည့်ပေးရမှာလား"

"အင် မဟုတ်ဘူးလေ ပိုင်ငယ်ဗိုက် မဆာဘူးလား"

ပိုင်ငယ်က နောက်ခန်းမှ ပါဆယ်များကို လှမ်းယူလိုက်ပြီး ကမ်းပေးလိုက်သည်။

နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)Wo Geschichten leben. Entdecke jetzt