一个钢镚儿(A lucky coin)
အပိုင်း၇၇
တာ့ကုန်က ကြမ်းကြမ်းတမ်းတမ်း နှင့် အားကြီးလှသည်။လေးဖက်လေးတန်က အရမ်းမှောင်မည်းနေ သော်လည်း ၊ အများပိုင်နေရာ ဖြစ်တာကြောင့် ၊ ချူးယိမှာ နှစ်ချက်လောက်ကိုက်လိုက်ပြီးနောက်တွင် ပြန်တည်ငြိမ်သွားခဲ့ကာ ၊ ပါးစပ်ကို ပွတ်သုတ်၍ သရက်သီးဖျော်ရည် တစ်ငုံသောက်လိုက်သည်။
ယမ့်ဟန်က လက်ကိုဆန့်တန်း၍ အရက်ခွက်ကိုလှမ်းယူကာ တစ်ငုံသောက်လိုက်သည်။ဖန်ခွက်ကို ပြန်ချလိုက်သည့် အချိန်တွင် ၊ ဘေးနားဆီမှ စကားပြောနေသည့် အသံက ပျံ့လွင့်လာခဲ့သည်။အသံက အရမ်းအကျယ်ကြီး မဟုတ်ပေ။သို့သော်လည်း အခုလို တိတ်ဆိတ်နေသည့် အခြေအနေမျိုး၌ ရှင်းရှင်းလင်းလင်းကြီး ကြားနေရသည်။
"တကယ် ရွံစရာကောင်းတယ်"
ဖန်ခွက်ဆီမှ ပြန်ရုတ်နေဆဲဖြစ်သော ယမ့်ဟန်၏ လက်မှာ ထိုစကားကို ကြားလိုက်ရသည့် အချိန်၌ ၊ တစ်ချက် တုံ့ဆိုင်းသွားခဲ့သည်။
သူ၏ ပထမဆုံး တုံ့ပြန်မှုမှာချူးယိကို တစ်ချက် လှမ်းကြည့်မိလိုက်ခြင်းဖြစ်သည်။
ချူးယိမှာ သရက်သီး ဖျော်ရည်ခွက်ကို ကိုင်ထားရင်း ၊ မလှုပ်မယှက်ဖြင့် ထိုင်နေသည်။
ထိုစကားကို ပြောသည်မှာ မိန်းကလေးတစ်ယောက်၏ အသံပင်။အသံ၏ ဦးတည်ရာ အရဆိုလျှင် ၊ ချူးယိ၏ မျက်စောင်းထိုးနားလောက်တွင် ထိုင်နေသည့် ထိုစုံတွဲပင်။
"ထားလိုက်ပါ"
ထိုကောင်လေးက အသံတိုးတိုးဖြင့် တစ်ခွန်းပြောလိုက်သည်။
"ဘာကို ထားလိုက်ရမှာလဲ"
ကောင်မလေးက ခုနကအတိုင်း အသံမတိုးမကျယ်ဖြင့် ပြောနေဆဲပင်။
"လူမြင်ကွင်းကြီးမှာ ဒီလို ရွံစရာကောင်းနေတာကို ! "
"စားပွဲပြောင်းလိုက်ရအောင်"
ကောင်လေးက ပြောလိုက်သည်။