一个钢镚儿(A lucky coin)
အပိုင်း၈၃
မိမိမှာ အရမ်းကို အကြမ်းခံနိုင်သည်ဟု ချူးယိ အမြဲတမ်း တွေးမိခဲ့သည်ပင်။သို့သော်လည်း ဒီနေ့ ချဲးကျီးတောက်မှ အလုပ်ဆင်း၍ အိမ်ပြန်လာသည့် အချိန်၌ ၊ သူ အရမ်းကို ပင်ပမ်းနေသလို ခံစားနေရသည်။လက်ဝှေ့ရုံတွင် သန့်ရှင်းရေး အလုပ်လုပ်ခဲ့စဥ်ကထက် အများကြီး ပိုပင်ပမ်းလှသည်။တစ်နေကုန် အလုပ်လုပ်နေရသည်။
အိမ်ကို ပြန်ရောက်လာသည့် အချိန်၌ ယမ့်ဟန်မှာ ပြန်မရောက်သေးပေ။သူ ဆိုဖာပေါ် လှဲချလိုက်သည်။ဒီနေ့ ည သူ နားရလို့ တော်သေးသည်ပင်။ကော်ဖီဆိုင်သွားပြီး ညပိုင်း အလုပ်လုပ်စရာ မလိုပေ။
အမှန်တော့ ၀န်ထမ်းဟောင်းတွေက သူ့လောက် မပင်ပန်းကြဘူးဟု သူထင်မိသည်။သူက အသစ်ရောက်လာသည့်သူ ဖြစ်နေတာကြောင့် ဖြစ်နိုင်သည်ပင်။နွေရာသီ အလုပ်လည်း ဖြစ်နေသေးရာ ၊ ၀န်ထမ်းဟောင်းတွေက သူတို့မလုပ်ချင်သည့် အလုပ်အကုန်လုံးကို သူ့အား အကုန်လုပ်ခိုင်းကြသည်။ကားရေဆေး ၊ ကားနေရာရွှေ့ ၊ တောက်တိုမယ်ရ ဖြင့် လုပ်နေရသည်မှာ နေ့လည်စာစားချိန်မှလွဲ၍ ဒီတစ်နေ့လုံး သူ မနားခဲ့ရပေ။
သ်ို့သော်လည်း အစားအသောက်များကတော့ တော်တော်လေး အဆင်ပြေသည်ပင်။ထမင်းချက် အဒေါ်ကြီးက အသားများကို ရက်ရက်ရောရော ထည့်ပေးသည်။အရွက်ဟင်းများထဲတွင်ပင် အသားများ ထည့်ထားသည်။
ညစာစားသည့် အချိန်၌ လျုံကော သူ့က်ို ခေါ်၍ ၊ အတူတူသွားစားခဲ့ကြသည်။သူ ယမ့်ဟန်နှင့် ထမင်းအတူတူ စားရန်အတွက် ဗ်ိုက်နေရာ ချန်ထားခဲ့ပြီး ၊ သိပ်မစားခဲ့ပေ။တစ်ညနေလုံး အလုပ်တွေ ရှုပ်ရှပ်ခတ်အောင် လုပ်ခဲ့ရတာကြောင့် ၊ အခု အရမ်းကို ဗိုက်ဆာလာသည်။
ယမ့်ဟန် ပြန်ရောက်လာသည့် အချိန်၌ ၊ ချူးယိမှာ ဗိုက်ဆာလွန်း၍ အိပ်ပျော်သွားပြီ ဖြစ်သည်။
မီးဖိုခန်းထဲတွင် ယမ့်ဟန် ထမင်းချက်နေသည့် အသံကိုကြားမှသာ သူ နိုးလာခဲ့သည်။