一个钢镚儿(A lucky coin)
အပိုင်း၈
"ရန်ဖြစ်တာကို ဘာလို့ အဲ့လောက်ပုံကြီးချဲ့နေရတာလဲ?"
ယမ့်ဟန်က ပီဇာတစ်ကိုက် ကိုက်စားရင်း မေးလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် သူတို့ ရောက်ဖူးခဲ့သည့် နေရာများက အလွန်များပြားလှသည်ပင်။နေပူနေချိန်တွင် အင်္ကျီရင်ဘက်များကို ဖွင့်၍ ဆေးလိပ်သောက်တတ်ကြသည့် အဖွားများ ၊ ရန်ဖြစ်ကြချိန်တွင် ဆံပင်များ ၊ ဘောင်းဘီများ ဆွဲတတ်ကြသည်တို့ကို မြင်ဖူးသော်လည်း ရန်ဖြစ်နေချိန်တွင် အပေါ်ပိုင်းဗလာဖြစ်နေသည်ကိုတော့ အမှန်တကယ် မမြင်ဖူးပေ။
"မသိဘူးလေ ၊ သူမသာ အပေါ်ပိုင်း ဗလာဖြစ်မနေရင် ငါလည်း သွားပြီးကြည့်မိဦးမှာ....."
အဖေက ပြောပြီးသည်နှင့် ချူးယိကို တစ်ချက် လှမ်းကြည့်လိုက်သည်။
အဖေက မြေခွေးအိုကြီးပင်။ယမ့်ဟန် ငယ်ငယ်လေးကတည်းကနေ ကြီးလာသည်အထိ ဘယ်လိုသေးငယ်သည့် တုန့်ပြန်မှုမျိုးမဆို အဖေ့မျက်စိအောက်မှ လွတ်မသွားဖူးတာကြောင့် ချူးယိက ထိုအဖွားအား သိနေတာ ဖြစ်နိုင်သည်ဟု ချက်ချင်းသိသွားသည်။
ထို့အပြင် ချူးယိက ကိုင်ထားသည့်ပီဇာအား ခက်ခက်ခဲခဲ တစ်ကိုက်ကိုက်လိုက်ပြီး ပါးစပ်ထဲတွင် တစ်ချိန်လုံး ဝါးနေသည့်ပုံစံက သိနေရုံလောက် မရိုးရှင်းကြောင်း ထပ်ပြီး ဖော်ပြနေသလိုပင်။
ယမ့်ဟန်သည် မျက်နှာက ဖြူဖပ်ဖြူရော်ဖြင့် အဆီပြန်နေကာ မျက်ခုံးမွှေးအတိုအရှည် မညီသည့် အဖွားကို ချက်ချင်း သတိရသွားခဲ့သည်။
......တော်တော်လေး မလွယ်ကြောပင်။
သူက အဖေ့အား မျက်ရိပ်တစ်ချက် လှမ်းပြလိုက်ပြီး စကားလမ်းကြောင်း လွှဲရန် ပြင်လိုက်စဥ်တွင် ချူးယိက ပီဇာအား မြိုချလိုက်ကာ လေသံတိုးတိုးဖြင့် ပြောလာသည်။ :
"အဲ့ဒါ ကျွန်တော့်အ,အဖွား"
ထိုစကားမှာ ယမ့်ဟန်မျှော်လင့်ထားပြီးဖြစ်ရာ အဖေ့ကို လှမ်းကြည့်လိုက်သည်။
"မင်းအဖွားလား?"
အဖေက အားတင်း၍ ခက်ခက်ခဲခဲ ဆက်ပြောလိုက်သည်။