一个钢镚儿(A lucky coin)
အပိုင်း၁၃
ယမ့်ဟန်၏ ခံစားချက်မှာ လုံးဝ ကောင်းမနေပေ။အတိအကျ ပြောရပါလျှင် သူက လွယ်လွယ်နှင့် ခံစားချက်မကောင်း ဖြစ်တတ်သည်။မိနစ်နှစ်ဆယ်လောက် ဆက်တိုက် ငေးငိုင်နေလိုက်လျှင်ကို ခံစားချက်က ဟိုးအောက်ဆုံးသို့ ထိုးကျသွားနိုင်သည်။
သူ၏ စိတ်ခံစားချက်မှာ အလွန် နူးညံ့လှရာ သူ ရန်သွားမစရဲပေ။
ဒီနေ့ ထိုစကားကို ပြောထွက်သွားပြီးနောက်တွင် မိမိက အတော်လေး စိတ်ပေါ့သွားနိုင်လိမ့်မည်ဟု ထင်မိသည်။အနည်းဆုံးတော့ သံသယဖြစ်နေသည့် မေးခွန်းများအား အဖေ့ကို မျက်နှာချင်းဆိုင်၍ မေးနိုင်လိမ့်မည်ဖြစ်ပြီး ၊ အရင်က နှစ်တွေအကြာကြီး သူတို့နှစ်ဦး အပြန်အလှန်နားလည်မှုဖြင့် ရှောင်ရှားကာ မပြောဖြစ်ခဲ့ကြသည့် ၊ တ်ိတ်တဆိတ် လျစ်လျူရှု့ထားခဲ့ကြသည့် သူတို့နှစ်ယောက်ကြားရှိ ထိုဆူးတစ်ချောင်းကိုပင်။
သို့သော် စိတ်ပေါ့မသွားပဲ ဆန့်ကျင်ဘက်အနေဖြင့် စိုးရိမ်စိတ်များနှင့် မလုံခြုံမှူများကသာ တိုးပွါးလာခဲ့သည်။
"မင်း ဘာလို့ အိမ်ပြန်ပြီး ထမင်းမစားတာလဲ?"
ယမ့်ဟန်က အသားကို ဂရုတစိုက်လှီးနေသည့် ချူးယိအား ကြည့်ကာ မေးလိုက်သည်။
"မင်းကို ထ,ထမင်း ဖိတ်ကျွေးချင်,ချင်လာလို့"
ချူးယိက မျက်လွှာချကာ ပြောလာသည်။
"ဒါဆို မနေ့ ဘာလို့မပြောခဲ့တာလဲ ၊ မနက်ကရော ဘာလို့မပြောတာလဲ?"
ယမ့်ဟန်က မေးလာသည်။
ချူးယိက ဘာမှပြန်မပြောပဲ အမဲသားစတိတ်အား ပါးစပ်ထဲ ထည့်လိုက်ပြီး စိတ်နစ်ကိုယ်နစ် ဝါးချင်ယောင် ဆောင်နေသည်။
"သူများတွေ တားတာ ခံရတာမလား?"
ယမ့်ဟန်က ကျစ်ခနဲ နှစ်ကြိမ်လောက် စုတ်သတ်လိုက်သည်။
"မဟုတ်ပါဘူး"
ချူးယိက ခေါင်းယမ်းလိုက်ပြီး
"တားခံရလို့ ရှောင်,ရှောင်လာတာ"
"ဟို လီတာ့ဟောင် မဟုတ်လား?"