အပိုင်း၆၈[U]

2K 355 18
                                    

一个钢镚儿(A lucky coin)

အပိုင်း၆၈

အမေက အဖေနဲ့ ကွာရှင်းချင်သည်ဟု ရုတ်တရက် ပြောလာရာ ၊ မိမိမှာ အရမ်းကို အံ့သြသွားမိလိမ့်သည်ဟု ချူးယိ ထင်လိုက်မိသည်။သို့သော်လည်း သူ အရမ်း မအံ့သြမိသည်ကိုပင် အံ့သြနေမိခြင်းဖြစ်သည်။

သူ၏ မှတ်ဥာဏ်ထဲတွင် အဖေနှင့်အမေ စကားပြောတာ အလွန်နည်းလှသည်။အမေ ဒေါသထွက်နေသည့် အချိန်ဆိုလျှင် အဖေက တိတ်တိတ်လေး နေလျှင်နေ ၊ ဒါမှမဟုတ်ရင် ပုန်းရှောင်နေတတ်သည်။အမေ ဒေါသမထွက်သည့် အချိန်ဆိုလျှင်လည်း သူတို့နှစ်ယောက်စကားပြောနေကြတာမျိုး မရှိပြန်ပေ။

သူတို့နှစ်ဦးမှာ ချူးယိအား "မိဘ"ဆိုသည့် ခံစားချက်မျိုး လုံး၀ မပေးခဲ့ကြဖူးပေ။ငယ်ငယ်တုန်းကဆိုလျှင် ကျောင်းစာအုပ်တွေထဲပါသည့် အဖေအမေဆိုသည်မှာ အတုအယောင်တွေဟုပင် ချူးယိ တွေးမိခဲ့ဖူးသည်။သူ၏ အဖေအမေနှင့် မတူညီတာကြောင့်ပင်။နည်းနည်း အရွယ်ရောက်လာကာမှ ၊ အမှန်မှာတော့ သူ၏ အဖေအမေမှာ တစ်ခြားအဖေအမေတွေနှင့် မတူညီတာကို သိလာခဲ့သည်။

ထို့အပြင် သူတို့နှစ်ဦးမှာ "ဇနီးမောင်နှံ" ဆိုသည့် ခံစားချက်မျိုး ချူးယိအား ပိုလို့ပင် မပေးခဲ့ကြဖူးပေ။

ချူးယိအတွက်တော့ သူတို့နှစ်ဦးမှာ အဖိုးနှင့်အဖွားလိုမျိုးပင်။အမည်ခံသက်သက်သာ။

အခု အမေက ကွာရှင်းချင်သည်ဟု ရုတ်တရက် ပြောလာချ်ိန်တွင် ၊ သူနှင့် ဘာမှ မပတ်သက်သည့် ဇနီးမောင်နှံက ကွာရှင်းတော့မည်ဟု ပြောတာကို ကြားလိုက်ရသကဲ့သို့ ချူးယိမှာ တည်ငြိမ်နေမိသည်။

ဘာလို့လဲ ဆိုသည့် မေးခွန်းတစ်ခုကိုပင် သူ မမေးမိပေ။

ထို့အပြင် အမေကလည်း ရှင်းပြမှာ မဟုတ်ပေ။ထိုဖုန်းတစ်ခါခေါ်ပြီးနောက်တွင် ၊ သူမက အရင်ကအတိုင်းပင်။သတင်းလည်း မကြားရ ၊ ဖုန်းလည်းမခေါ် ၊ စာတိုလည်း မပို့တော့ပေ။

ချူးယိ၏ ဘ၀မှာလည်း အမေ၏ ထိုဖုန်းခေါ်ဆိုမှုကြောင့် ဘာပြောင်းလဲမှုမှ ရှိမလာပေ။နေ့တိုင်း အတန်းတက် ၊ အတန်းဆင်း ၊ အလုပ်လုပ် ၊ ကျောင်းပိတ်ရက် စနေတနင်္ဂနွေဆို ယမ့်ဟန်ကို သွားရှာဖြင့် လည်ပတ်နေသည်။

အကြွေစေ့လေးတစ်စေ့ [Completed]Onde histórias criam vida. Descubra agora