၂၆

903 38 14
                                    

နွေးက သူ့ဖေဖေရှိရာ ဆေးရုံသို့ သွားရပြီမို့ ပိပိလည်း taxi ငှားကာ ပြန်လာလိုက်သည်။ အိမ်ထဲသို့အဝင် လူတွေများနေတာကို တွေ့လိုက်ရသည်။ တံခါးပေါက်နဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ထက်ရှင်း၏ခေါင်းမှ ပတ်တီးဖြူဖြူကိုမြင်တော့ ပိပိရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

"ကိုကို...!!"

စိုးရိမ်စိတ်နဲ့ ထက်ရှင်းဆီပြေးသွားလိုက်ပေမယ့် ရုတ်တရက်လှည့်ကြည့်လာသည့် မြဲကြောင့် ပိပိခြေလှမ်းတို့ လမ်းတစ်ဝက်မှာတင် တုံ့ခနဲ ရပ်သွားကြသည်။

"မ.. မမ.. "

မအီမသာလေး ပြုံးပြလိုက်တော့ မြဲက ပိပိကိုစိုက်ကြည့်နေရာမှ မျက်နှာလွှဲကာ

"ညနေကျရင် ဝါဝါ့ပစ္စည်းတွေ သွားယူပေးမယ်၊ လောလောဆယ်တော့ ရွက်ဝါဆီက အဝတ် ခဏငှားဝတ်လိုက်နော်"

"ဟုတ် မမမြဲ"

"ရွက်ဝါ.. ဝါဝါ့ကို တစ်ခုခုကျွေးဖို့ ဘာရှိတုန်း"

"ကိတ်မုန့်ရှိသေးတယ် မမ"

"ဟုတ်ပြီ၊ ဝါဝါ့ကို မုန့်ကျွေးဖို့ ခေါ်သွားပေး"

"ဟုတ် မမ"

ရွက်ဝါနဲ့ ဇီဇဝါ ထသွားတော့ မြဲနဲ့ ထက်ရှင်းက ထိုင်ကျန်ရစ်သည်။ ပိပိမှာ ရပ်နေသည့်နေရာမှာပင် မလှုပ်မယှက် ရှိနေသေးသည်။

"ဘာလုပ်နေတာလဲ၊ လာထိုင်လေ"

ပိပိမှာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ပင် ထက်ရှင်း၏ တစ်ခုံခြားတွင် ဝင်ထိုင်ကာ ဒူး ၂ ဖက်ကို ပူးကပ်၍ ခေါင်းကိုလည်း ငုံ့ထားသည်။ ထက်ရှင်းမှာလည်း မြဲကိုကြည့်၍ ရင်တထိတ်ထိတ်နဲ့ တံတွေးမျိုချနေရသည်။

အစောပိုင်းကမှ သူ့ရှေ့တင် ယောက်ျားရင့်မာကြီး ၂ ယောက်ကို ဒေါသတကြီး ရိုက်နှက်ခဲ့သည်မဟုတ်လား။ အခုလည်း မျက်နှာထားခပ်တည်တည်နဲ့ သူတို့ကို တစ်လှည့်စီကြည့်နေသည်မို့ ဒီအခြေအနေအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ခန့်မှန်းလို့မရနိုင်။

အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက် မြဲဆီကနေ စကားသံထွက်လာသည်။

"ဘယ်အချိန်ထိ ဖုံးထားဖို့ စိတ်ကူးလဲ"

၂ ယောက်လုံးက ခေါင်းမော့လာပေမယ့် ဘာတစ်ခွန်းမှမဖြေဘဲ ပြန်ငုံ့သွားကြတော့ မြဲဆီမှ နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာသည်။

❁မမ❁Where stories live. Discover now