၃၇

998 55 16
                                    

Unicode

ဖုန်းကို တင်းကျပ်စွာ ကိုင်ထားရင်း တိုက်ခန်းထဲတွင် ဟိုလျှောက်ဒီလျှောက် လုပ်နေသည့် ငွေအမရာ့ရင်ထဲတွင် စိုးရိမ်စိတ်တို့ကြောင့် ပူလောင်နေသည်။

ခင်ပွန်းဖြစ်သူသည် အလုပ်သို့ ထွက်သွားပြီးကတည်းက တစ်ကြိမ်မှ ဖုန်းခေါ်မလာသောကြောင့်ပင်။

ထို့ထက်ဆိုးသည်က ငွေအမရာ့ဘက်က ဖုန်းခေါ်သော်လည်း ကိုင်မည့်သူ မရှိခြင်းပင်။

ခါတိုင်းဆို နေ့လည်တစ်ခေါက်၊ ညနေတစ်ခေါက်တော့ ဖုန်းဆက်တတ်သည်။ "ဘာစားချင်လဲ၊ ဘာဝယ်လာရမလဲ" စသဖြင့် မေးတတ်သည်။

အချိန်ကား တရွေ့ရွေ့ ကုန်ဆုံးလာသည်။ ည ၁၀ နာရီရောက်သည့်တိုင် တစ်စုံတစ်ရာ ထူးခြားမှု မရှိ။

သူ့အသိမိတ်ဆွေတွေထံလည်း လက်လှမ်းမီသလောက် ဖုန်းဆက်မေးကြည့်သည်။ မသိဘူးဟူသော အဖြေကိုသာ ပြန်ရခဲ့သည်။

"ကိုကို... ဘယ်တွေရောက်နေတာလဲ"

အားငယ်စိတ်ကြောင့် ငွေအမရာ မျက်ရည်လေးများ ဝဲတက်လာသည်။ ဗိုက်ထဲမှ ရင်သွေးလေးအား စကားတွေ ဆက်တိုက် ပြောကြည့်နေပေမယ့် အားငယ်စိတ်က လျော့မသွား။

ထိုစဉ်...

ချောက် !!!

တံခါးဖွင့်သံကြောင့် ငွေအမရာ့အကြည့်က တံခါးပေါက်ဆီ တန်းခနဲ ရောက်သွားသည်။ ချစ်ရသူ ပြန်လာပြီ ဆိုသော အသိကြောင့် ပြုံးမိသွားသော်လည်း စက္ကန့်ပိုင်းအတွင်း ထိုအပြုံးတို့ ပျောက်ကွယ်သွားသည်။

"ကိုကို..."

စိုးရိမ်တကြီး ပြေးသွားတော့ ခင်ပွန်းဖြစ်သူ ဝေယံက ပြေးမလာဖို့ လက်ကာပြသည်။ သို့သော် ငွေအမရာက သူ့အနားသို့ ရောက်နှင့်နေပြီ။

"ကိုကို... ဘာဖြစ်လာတာလဲ"

ဝေယံ၏ လက်တစ်ဖက်တွင် ကျောက်ပတ်တီး စည်းထားရကာ နဖူးတွင်လည်း ပတ်တီးဖြူဖြူက ရှိနေသည်။ မျက်ခုံးရိုးတစ်ဖက်က ရောင်ကိုင်းနေပြီး နှုတ်ခမ်းထောင့်တွင် သွေးစတို့က ခြောက်ကပ်နေသည်။

ဝဲတဲတဲဖြစ်နေသော မျက်ရည်တို့က ဝေယံ့အဖြစ်ကို မြင်တော့မှ တလိမ့်လိမ့် ကျဆင်းလာကြသည်။ ဝေယံ့အား အငိုတစ်ဝက်နဲ့ တွဲကူပြီး ဆိုဖာတွင် ထိုင်ခိုင်းရသည်။

❁မမ❁Where stories live. Discover now