အရာရာဟာ ပုံမှန်ပါပဲ။
ထက်ရှင်းမှာ ဦးရှင်းခန့်ရဲ့ ရုံးခွဲတစ်ခုတွင် အလုပ်ဝင်နေပြီဖြစ်သည်။ ဥက္ကဋ္ဌ၏သားဟု မည်သူကမှ မသိကြတဲ့အထိ ထက်ရှင်း၏ အနေအထိုင်က ပိရိသည်။ ထိုပတ်ဝန်းကျင်က သူ့ကို တက်သစ်စအဆိုတော်ဟုပင် သိမထားကြသည်အထိ ထက်ရှင်း၏ အနေအထိုင်က သိုသိပ်လွန်းခဲ့သည်။
နွေးသည် တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ဖို့ ကြိုးစားနေပြီဖြစ်သည်။ နေ့နေ့ညည သီချင်းဖြစ်လာဖို့ကိုသာ အချိန်ပေးဖြစ်နေသည်။ ဆိုရှယ်မီဒီယာများတွင် နွေး၏အောင်မြင်မှုက ကြိုးစားသလောက် အရာထင်ခဲ့သည်။
ခန့်အောင်ကတော့ ရာထူးတိုးပြီးနောက် ပို၍မအားမလပ် ဖြစ်လာခဲ့သည်။ တကယ်တော့ အလုပ်များချင်ဟန်ဆောင်တာက ပိုပါသည်။ သူများတွေရဲ့ အလုပ်တွေကိုပါ ကူပေးရင်း သူ့ဘဝရဲ့အချိန်တွေကို ကုန်ဆုံးစေပြန်သည်။
ပိပိကတော့ အရာရာကို စီးပွားရေးဆန်ဆန် မြင်တတ်လာသည်။ အဝေးသင် ပြောင်းတက်ပြီး ဆိုင်အလုပ်တွေကိုသာ ပို၍ အာရုံစိုက်ဖြစ်လာသည်။ စိမ်းကားသွားသည့် သူငယ်ချင်း ၂ ယောက်ကလည်း ဖိနပ်လာဝယ်သလိုလိုနဲ့ ပိပိကို လာလာကြည့်ကြသည်။ သို့သော် အရင်လို ပူးပူးတွဲတွဲ မနေဖြစ်ကြတော့ပါ။
ဒါတွေက ပုံမှန်ပဲလား။
မဟုတ်သေး။ ဒါကို ပုံမှန်လို့ ပြောလို့မရသေး။ သူတို့ရဲ့နေ့စဉ်ဘဝတွေက အရင်ကနဲ့ မတူကြတော့သလို ထိုးတက်သွားသည့် ကြိုးစားမှုတွေ၊ စိတ်အားထက်သန်မှုတွေကလည်း နုပျိုမှုမှကွဲထွက်ပြီး ရင့်ကျက်မှုဘက်သို့ အသွင်ပြောင်းလာကြသည်။
ထို့ထက် ပုံမှန်မဟုတ်သည်က သူတို့ရဲ့ နေ့စဉ်ဘဝထဲတွင် တစ်စုံတစ်ဦး၏ နေရာက လစ်ဟာနေဆဲ ဖြစ်နေခြင်းပင်။
ထိုလစ်ဟာမှုအား ထက်ရှင်းမှလွဲ၍ တခြားသူတွေက ခေါင်းထဲထည့်မထားကြသည့်ဟန်။
"မမသတင်း ကြားမိသေးလား"ဟု မေးလိုက်တိုင်း နွေးကလည်း ခေါင်းခါသည်။ ပိပိကလည်း မသိဘူးပြောသည်။ ဦးရှင်းခန့်ကလည်း စကားလမ်းကြောင်း လွှဲသွားတတ်သည်။
မမ ပျောက်သွားသည့်နေ့ကတည်းက ထက်ရှင်းရင်ထဲမှ အပူလုံးကြီးက ခုထိ ကျမသွားသေး။ ၃ လဆိုတဲ့အချိန်က မမကို ပြန်ရှာတွေ့ဖို့ မလုံလောက်ဘူးလား။ မမကရော ဘယ်ကို ပျောက်သွားတာလဲ။
KAMU SEDANG MEMBACA
❁မမ❁
Romansa"ရင်ခုန်တာထက်ပိုတဲ့ ခံစားချက်တွေကြောင့် ကျွန်တော် သူ့ကို တကယ်ချစ်မိသွားမှန်း သိလိုက်ရတယ်၊ မမလို့ တစ်ခါခေါ်တိုင်း ကျွန်တော့်ရင်ထဲမှာဖြစ်သွားတဲ့ ခံစားချက်ကို ကျွန်တော်ကိုယ်တိုင်တောင် ဖော်မပြတတ်ဘူး" Main Chapters : 49 eps + Bonus Chapters : 3...