၁၇

925 37 4
                                    

“မေမေ့...”

ဦးနှောက်နှင့်အာရုံကြောကုသဆောင်၏ လူနာခုတင်တစ်ခုတွင် နွေးဖေဖေက ငြိမ်သက်စွာ လဲလျောင်းနေသည်။ အနားရောက်လာသည့် နွေး၏ခေါ်သံကြောင့် ဒေါ်နီလာသွေးက အပူကြီးစွာညှိုးနွမ်းနေသည့်မျက်နှာကို အနည်းငယ် ဟန်ကိုယ့်ဖို့ရင်း သမီးဖြစ်သူကို ကြည့်လိုက်သည်။

“မေမေ... ဖေဖေ သတိပြန်မရသေးဘူးလား”

နွေးအသံက တိုးလျလျ။ ပိပိ နွေးကိုကြည့်ကာ စိတ်မကောင်းဖြစ်ရသည်။

“ICP တက်တာတဲ့၊ ဆေးတွေပေးထားပေမယ့် ခုထိ သတိပြန်မရသေးဘူး သမီးရယ်”

ဒေါ်နီလာသွေး၏ဘေးနား လွတ်နေသည့်နေရာတွင် နွေး ပုံခနဲ ဝင်ထိုင်ဖြစ်သည်။ ဖေဖေ့မျက်နှာအား ငေးကြည့်ရင်း မျက်ရည်တို့က နောက်တစ်ကြိမ် ကျဆင်းလာကြသည်။

“ဒီနေ့ သူ့ဆီ ဖုန်းတစ်ကောလ်ဝင်လာတယ်၊ သူ့မန်နေဂျာက လှမ်းဆက်တာ၊ စက်ရုံမီးလောင်လို့တဲ့၊ ၂ ယောက်သေတယ်ပြောတာပဲ၊ အဲ့သတင်းကြားပြီး နဂိုက သွေးတိုးရှိတဲ့သူဆိုတော့ သွေးဆောင့်တက်ရာက ခုလိုဖြစ်သွားတာ”

ဒေါ်နီလာသွေးက မမေးရပါဘဲ ရှင်းပြသည်။ နွေးကတော့ ပြောတာတွေကို ကြားလားမကြားလား မသိ။ အငြိမ်ကြီးငြိမ်ကာ လူနာကိုသာ ငေးစိုက်ကြည့်နေသည်။

-

“နှလုံးကို ထိမသွားလို့ တော်သေးတယ်ပြောရမယ်၊ သွေးလည်းတိတ်ပြီ၊ ဒဏ်ရာကိုလည်း ချုပ်ပြီးပြီဆိုတော့ သူ သတိပြန်လည်လာတဲ့အထိ စောင့်ကြည့်ရမှာပဲ”

တာဝန်ကျဆရာဝန်ပြောသွားသည့် စကားတွေကို ပြန်ကြားယောင်ရင်း ခုတင်ပေါ်တွင် မေ့မြောနေသည့် ထိုကောင်လေးအား မြဲ တွေတွေလေး ငေးကြည့်နေမိသည်။

တိုက်ဆိုင်သည်ပဲ ဆိုရလေမလား။ ဒီကောင်လေးနဲ့ဆုံရသည်မှာ တစ်ကြိမ်မကတော့။ ပိပိနဲ့ဆက်နွယ်ပြီး စသိခဲ့ရာက ခုတော့ မြဲနဲ့ ထပ်ဆုံပြန်သည်။

ဓားတန်းလန်းကြီးနဲ့မို့ နီးစပ်ရာဆေးရုံသို့ ချက်ချင်းခေါ်လာမိပြီး မဆီမဆိုင် လူနာရှင်နေရာမှာ မြဲက တာဝန်ယူလိုက်ရသည်။ အရေးပေါ်ခွဲစိတ်မှုပြုလုပ်ပြီး စိတ်ချရသည့်အနေအထား ရောက်လာပေမယ့် သွေးထွက်များခဲ့တာရော မေ့ဆေးအရှိန်ရောကြောင့် ခုထိ သတိပြန်မရသေး။

❁မမ❁Where stories live. Discover now