၁၆

955 35 1
                                    

✉ရောက်ပြီ.🙁✉

တုန်ခါမှုနှင့်အတူ ဝင်လာသည့် text message လေးကိုကြည့်ပြီး နွေး အလိုလိုပြုံးမိသွားသည်။ အိမ်ပြန်ရောက်ရင် မက်ဆေ့ပို့လိုက်ဆိုလို့ ပို့လာခြင်းဖြစ်သည်။ Emoji လေးကတော့ ပိပိ၏ကလေးဆန်မှုကို ကိုယ်စားပြုနေလေရဲ့။

မျက်နှာပေါ်ကျရောက်လာသည့် ကားမီးရောင်ကြောင့် မက်ဆေ့ပြန်ပို့ရန် စာရိုက်ဖို့ပြင်နေသည့်လက်တို့ကို ရပ်တန့်လိုက်ပြီး ဖုန်းပိတ်လိုက်သည်။ အိမ်ရှေ့ကိုရောက်နေသည့်တိုင် ကားပေါ်မှဆင်းမလာသေးသည့် ထက်ရှင်းဟာ စိတ်အခြေအနေကောင်းမနေမှန်း ရိပ်မိလိုက်ပါသည်။

“နွေး.. ဒီမှာ ဘာလုပ်နေတာလဲ”

သူထွက်လာသည်အထိ စိတ်ရှည်ရှည်ထိုင်စောင့်ပေးနေရင်း အသံကြားရတော့မှ မော့ကြည့်လိုက်သည်။ နွေးကိုမြင်တော့ ထက်ရှင်းက အံ့သြသွားပုံရသည်။ ဒီလိုလာစောင့်နေမယ်လို့လည်း ထင်ထားခဲ့မည်မထင်။

“နင် ဘယ်ကိုသွားခဲ့တာလဲ ထက်ရှင်း”

“အရေးကြီးကိစ္စလို့ ပြောခဲ့တယ်လေဟာ”

ထက်ရှင်းပုံစံက နွေးကို အသိပေးချင်ပုံမပေါ်။ သို့သော် မျက်ရည်စိုနေသည့် မျက်ဝန်းတွေကိုမြင်တော့ ပို၍သိချင်လာမိသည်။

“အဲ့ကိစ္စက ပိပိထက် အရေးကြီးတယ်ပေါ့”

“နွေး... ဘာဖြစ်လို့လဲ၊ ပိပိက နင့်ကို ပြဿနာ ရှာလိုက်လို့လား”

ပြဿနာရှာလိုက်လားတဲ့။ နွေး ထိုမေးခွန်းကို ဖြေချင်လွန်းသော်လည်း စိတ်ထိန်းထားလိုက်သည်။ ခုချိန်မှာ ထက်ရှင်း၏ကိစ္စကို အရင်မေးရမည်။ နောက်တော့မှ သူ့ရည်းစားကို ဘယ်လောက်ထိ အလိုလိုက်ပေးခဲ့ရလဲဆိုတာကို အမြှုပ်ထွက်တဲ့အထိ ပြောပြရမည်။

“နင် ဦးရှင်းခန့်ကို သွားတွေ့တာမလား”

“နွေး...”

ရုတ်တရက် ဆွံ့အသွားသည့်ထက်ရှင်းက ဟုတ်ကြောင်းဖြေပေးလိုက်သလိုလို။ ဦးရှင်းခန့် မြန်မာပြည်ကို ပြန်ရောက်နေကြောင်းကို နွေးလည်း သိသည်။ သို့သော် ထက်ရှင်းအနေဖြင့် ဒီလောက်ကြီး မြန်မြန်သွားတွေ့လိမ့်မည်ဟု ထင်မထားခဲ့မိ။

❁မမ❁Where stories live. Discover now