၄၄

1K 50 13
                                    

အလင်းရောင်ထက် မှောင်ရိပ်ပိုများနေသော အခန်းငယ်လေး၏ ထောင့်တစ်နေရာတွင် ဒူး ၂ ဖက်ပေါ် ခေါင်းမှောက်လျက် တရှုံ့ရှုံ့ငိုနေသော ကလေးမလေးတစ်ယောက် ရှိနေသည်။ ပိတုန်းရောင် ဆံပင်နက်နက်လေးတွေက ဖြီးသင်ခြင်းမရှိ၍ ထိုးထိုးထောင်ထောင် ရှုပ်ပွနေသည်။

တစ်ချက်တစ်ချက် ရှိုက်၍ တုန်တက်သွားသည့် ပုခုံးလေးတွေက ငိုနေသည့်အချိန် ကြာမြင့်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။

ထိုစဉ် ကျီခနဲမြည်လျက် ခပ်ဖြည်းဖြည်းပွင့်လာသော တံခါးဝမှ အလင်းရောင်ပျပျက ထိုကောင်မလေး၏ ကိုယ်ပေါ်သို့ ဖြာချလာသည်။

"သမီး... ခိုင်မြဲလေး..."

ကရုဏာအပြည့်ပါသော ခေါ်သံကြောင့် မော့ကြည့်လိုက်တော့ စိတ်မကောင်းခြင်းကြီးစွာ ငုံ့ကြည့်နေကြသော ဦးငယ်နဲ့ ဒေါ်လေးကို တွေ့လိုက်ရသည်။ ဦးငယ်ဆိုတာ ဖေဖေ့ရဲ့တစ်ဦးတည်းသော ညီလေးပေါ့။

"အပြင်ထွက်ခဲ့ပါဦး ခိုင်မြဲလေးရယ်"

ဦးငယ်နဲ့ဒေါ်လေးက အိမ်ထောင်သက် ၄ နှစ်အထိ ကလေးမရသေးတာကြောင့် မြဲအပေါ် သမီးအရင်းလေးတစ်ယောက်လို ချစ်ခဲ့ကြသည်။ မြို့မှာနေကြသူများ ဖြစ်သော်လည်း "ခိုင်မြဲလေးကို သတိရလို့"ဟု ဆိုကာ မြဲတို့သားအဖရှိသော ရွာလေးသို့ ၄ လတစ်ခါလောက် လာလည်ကြသည်။ တစ်ခါလာတိုင်း ၅ ရက် တစ်ပတ် နေပြီးမှ ပြန်သွားတတ်ကြသည်။

"ကလေးမလေး သနားပါတယ်၊ နဂိုကတည်းကမှ မိတဆိုးလေးပါဆို... ခု ဖအေကပါ ထားခဲ့ပြန်ပြီ"

"နေ့ရော ညပါ ဒီလောက် သောက်နေမှတော့ အသည်းက ခံနိုင်ပါဦးမလား ဒေါ်ထားရယ်၊ ကျုပ်တော့ ကလေးပဲ သနားတယ်"

"အို... သူ့ဦးလေး ရှိသေးတာပဲ၊ ကလေးကို မြို့ခေါ်သွားမယ်ကြားတယ်"

"ဒါဆို သူတို့အိမ်ကြီးကရော..."

နာရေးလာရှုသူတို့၏ စကားသံတို့အား ဟိုမှဒီမှ ကြားနေရသည်။ သနားကရုဏာသက်မိသူများ ရှိသလို ၅ နှစ်အရွယ် မြဲ၏အနာဂတ်အား မဆီမဆိုင် ဆုံးဖြတ် ဝေဖန်နေသူများလည်း ရှိလေသည်။

"ခိုင်မြဲလေး... ဒေါ်လေးတို့နဲ့ လိုက်နေနော်"

ဒေါ်လေးက လက်ဆွဲထားရင်း နူးညံ့စွာ ဆိုလာသည်။ ခုတင်ထက်တွင် ငြိမ်သက်စွာ လဲလျောင်းနေသည့် ဖေဖေ့အား မြဲ ခဏတာ ငေးကြည့်မိသည်။ ငိုတော့ မငိုမိ။ အရွယ်ငယ်သေးတာရော၊ ငိုဖို့လောက်ထိ ခံစားချက်မပြင်းထန်တာရောကြောင့် ပါလိမ့်မည်။

❁မမ❁Where stories live. Discover now