၁၃

1.1K 40 0
                                    

သူ့ကို စူးစိုက်ကြည့်နေသည့် ပိပိရဲ့ မျက်လုံးလေးများက မဟူရာကောင်းကင်မှ ကြယ်ပွင့်လေးများကဲ့သို့ တလက်လက် တောက်ပနေကြသည်။ ခပ်ဟဟလေးဖြစ်နေသည့် နှုတ်ခမ်းဖူးဖူးတို့က တစ်စုံတစ်ရာကို ပြောတော့မည့်ဟန်ပြင်နေပေမယ့် တကယ့်တကယ်တမ်းကျ ဘာစကားသံမှ ထွက်မလာခဲ့။

သူပဲ စိတ်ထင်နေသည်လား။ တကယ်ပဲ ဖြစ်ပျက်နေသည်လား မဆိုတတ်။ ၂ ယောက်လုံးဆီမှ စည်းချက်မြန်စွာ ထွက်ပေါ်လာသည့် ရင်ခုန်သံတွေက တိတ်ဆိတ်နေသည့် သူတို့ ၂ ဦးကြား တဒုန်းဒုန်း ဆူညံလျက်ရှိသည်။

ပိပိရဲ့မျက်လုံးလေးများက တဖြည်းဖြည်း မှေးကျသွားပြီး သူ့ဆီမှ တစ်စုံတစ်ရာ တောင်းဆိုနေဟန်ရှိသည်။ သူကိုယ်တိုင်ကလည်း စိတ်ညှို့ခံထားရသူတစ်ယောက်အလား ပိပိ၏မျက်နှာအနားသို့ သူ့မျက်နှာကို တိုးကပ်သွားမိသည်။

သူ့ရဲ့ဦးတည်ရာကတော့ ပိပိ၏ နီစွေးစွေးလေးဖြစ်နေသည့် နှင်းဆီဖူးနှုတ်ခမ်းလေးဆီပါ။

ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...!!

ဒုန်း...ဒုန်း....!!!

"ဟဲ့... ကိုထက်ရှင်းနိုင်... အိပ်ရာထဖို့ စိတ်ကူးရှိသေးလား"

"ဟင်..."

ကြားလိုက်ရသည့်အသံက ပိပိဆီမှ မဟုတ်။ သူ့ရှေ့တွင်လည်း ပိပိက ရှိမနေတော့။ မျက်လုံးတို့ကို ဆက်ခနဲ ဖွင့်လိုက်မိချိန်မှာတော့ သူ အိပ်မက်မက်နေတယ်ဆိုတာကို လက်ခံလိုက်ရသည်။

တကယ်တမ်း သူကြားနေရတဲ့အသံရဲ့ ပိုင်ရှင်အစစ်အမှန်မှာ နွေနီရောင်သာ ဖြစ်ပေသည်။

အိပ်ရာထဲမှ ကုန်းကြုံးထပြီး အခန်းတံခါးကို သွားဖွင့်ရသည်။ ဆက်အိပ်လည်း ဒီ့ထက်ပိုကျယ်တဲ့ အသံမျိုးစုံနဲ့ ဆက်နှိုးမယ်ဆိုတာကို သိနေသည်လေ။

"ဘာတုန်းဟာ..."

"နင် အိပ်ရေးဝပြီမလား၊ မနက်စာ သွားပြင်တော့၊ ငါ နင့်အိပ်ရာမှာ ခဏအိပ်ဦးမယ်"

"ဘာ..!!"

သူကသာ ဘာတစ်လုံးတည်းကို အသံကျယ်ကျယ်နဲ့ အော်လိုက်ပေမယ့် နွေးကတော့ ဖြုံတောင်မဖြုံ။

❁မမ❁Where stories live. Discover now