"ဒုက္ခပေးမိပြန်ပြီ ဆူဇမ့်ကို"
ကားဂိတ်တွင် ခြေချင်းလိမ်အောင် လျှောက်နေခဲ့ကြသော်လည်း အချိန်ကုန်တာသာ အဖတ်တင်နေ၍ နွေးက ဆူဇမ့်အား အားနာနေမိသည်။ ဆူဇမ်သည်လည်း နွေးကို အားနာလျက်။
"သမီးကသာ အားနာမိတာ၊ လေကြီးမိုးကြီး ပြောထားပြီး ဘာမှဖြစ်မလာလို့၊ အန်တီ့ကိုလည်း အများကြီး မျှော်လင့်ထားတာကို"
"သူလည်း အတတ်နိုင်ဆုံးတော့ ကြိုးစားပေးခဲ့ပါတယ်"
နွေးက ဖြေသိမ့်စကား ဆိုရသည်။ ဖြစ်ပုံမှာ မြဲ၏ကိစ္စနဲ့ ပတ်သက်လို့ ကားဂိတ်တွင် ဖြစ်စဉ်ကို သွားရောက်စုံစမ်းကြသော်လည်း ဘယ်သူကမှ သိတဲ့ပုံစံမျိုး မပြကြ။ အားလုံးက ခေါင်းခါကြသည်။
ဆူဇမ့်သူငယ်ချင်း၏ အဒေါ်ကိုယ်တိုင် ဂိတ်မှူးဆီ အကူအညီတောင်းကြည့်တာတောင် အချည်းနှီးဖြစ်ခဲ့သည်။ ဗီဒီယိုမပြောနဲ့ ဓာတ်ပုံတောင် ရိုက်ထားတဲ့သူ မရှိဘူးတဲ့လေ။
"လူတွေကလည်း ဒါလေးတောင် မကူချင်ကြဘူး၊ အဲ့နေ့က ဖုန်းတွေတထောင်ထောင် လုပ်နေကြတဲ့သူတွေကကျ လူတွေမဟုတ်ဘူးလား"
ဆူဇမ်က ပွစိပွစိလေး ရေရွတ်နေသည်။ သူတို့ရောက်နေတဲ့နေရာက ဆူဇမ်ပြောပုံအရဆို မြဲကို ကားနဲ့တိုက်မိခဲ့သည့် နေရာ။
နွေးရဲ့မျက်လုံးတွေကလည်း အနီးနားကို ဝေ့ဝိုက်ကြည့်မိသည်။ မျက်မြင်သက်သေ ဘယ်သူတွေ ရှိနိုင်သလဲဟူ၍။ တကယ်တော့ ဖြစ်နိုင်ခြေရှိသူတိုင်းကို လိုက်မေးခဲ့ပြီးပါပြီ။
အခင်းဖြစ်ရာနဲ့ အနီးနားမှာ ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ minimart တစ်ဆိုင် ရှိသည်။ ကားဂိတ်ဝန်းကျင်မှာရှိတဲ့ ကွမ်းယာဆိုင်ဆိုတာ လူပြတ်တတ်သည့် နေရာမဟုတ်။ ကားဆရာဖြစ်စေ၊ တက္ကစီသမားဖြစ်စေ၊ ခရီးသွားဖြစ်စေ ကွမ်းတမြှုံ့မြှုံ့ဝါးဖို့၊ စကားစမြည်ပြောဖို့ ထိုနေရာမျိုးမှာ ရစ်သီနေတတ်ကြစမြဲ။ လက်ဖက်ရည်ဆိုင်ဆိုသည်မှာလည်း ထိုနည်းတူပင်။
သို့ပါသော်လည်း ထိုနေ့ကအဖြစ်အပျက်နဲ့ ပတ်သက်လို့ အားလုံးက မသိကြောင်း ပြောကြသည်။ တောင်းတောင်းပန်ပန် လိုက်မေးနေသော နွေးတို့ကို မျက်လုံးတချို့က ခပ်စိမ်းစိမ်းကြည့်လာကြ၍ စုံစမ်းခြင်းကို ခေတ္တရပ်လိုက်ရသည်။
YOU ARE READING
❁မမ❁
Romance"ရင်ခုန်တာထက်ပိုတဲ့ ခံစားချက်တွေကြောင့် ကျွန်တော် သူ့ကို တကယ်ချစ်မိသွားမှန်း သိလိုက်ရတယ်၊ မမလို့ တစ်ခါခေါ်တိုင်း ကျွန်တော့်ရင်ထဲမှာဖြစ်သွားတဲ့ ခံစားချက်ကို ကျွန်တော်ကိုယ်တိုင်တောင် ဖော်မပြတတ်ဘူး" Main Chapters : 49 eps + Bonus Chapters : 3...