3.1K 93 3
                                    

၆ နာရီထိုးတာနဲ့ အချက်ပေးသံမြည်လာသည့် နှိုးစက်ကြောင့် အိပ်နေရာမှ ငေါက်ခနဲ ထထိုင်လိုက်သည်။ ခုတင်ဘေးနားရှိ စားပွဲပေါ်မှာ ထောင်ထားသည့် ဓာတ်ပုံလေးကိုကြည့်မိတော့ ခန့်အောင်၏မျက်နှာမှာ အပြုံးတစ်ပွင့် ဖြစ်ထွန်းသွားသည်။ နေ့သစ်တစ်နေ့ရဲ့အစမှာ ချစ်ရသူကို မြင်တွေ့လိုက်ရခြင်းက သူ့အတွက် ပြီးပြည့်စုံသော ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည်လေ။


ရေချိုးခန်းထဲဝင်ပြီး တစ်ကိုယ်ရေသန့်ရှင်းခြင်းမှအစပြု၍ တစ်နေ့တာလုပ်ငန်းစဥ်များကို စတင်ရတော့သည်။

နည်းပညာတက္ကသိုလ်မှာ နည်းပြတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေသူမို့ ရှပ်အင်္ကျီလည်ကတုံးနဲ့ ပုဆိုးကွက်စိပ်ကသာ စမတ်အကျဆုံး ဆင်ယင်မှုတစ်ခုဖြစ်ခဲ့သည်။ ဆံပင်တိုတိတိကို ခေါင်းလိမ်းဆီအနည်းငယ်လိမ်းကာ ကိုယ်ကိုမတ်လျက် မှန်ထဲသို့ သေချာကြည့်လိုက်သည်။ အဆင်သင့်ဖြစ်တာ သေချာတော့မှ လပ်တော့အိတ်အမည်းလေးကိုဆွဲကာ ဖုန်းနဲ့ tablet ပါ တစ်ခါတည်းယူပြီး အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်။

တစ်ထပ်တိုက်လေးဖြစ်ပေမယ့် နောက်ထဲထိ အရှည်လိုက်ဆောက်ထားတာမို့ ဖွဲ့ထားပေးသည့် အခန်း ၄ ခန်းက အတော်အသင့် ကျယ်ဝန်းပါသည်။ မိဘ ၂ ပါးအတွက် တစ်ခန်း၊ သူ့အတွက် တစ်ခန်း၊ ညီမလေးဖြစ်တဲ့ နွေးအတွက် တစ်ခန်းဖြစ်ပြီး ကျန်တစ်ခန်းကိုတော့ စတိုခန်းအဖြစ် သတ်မှတ်ထားလိုက်သည်လေ။

အိမ်ပြင်ကိုထွက်လိုက်သည်နှင့် ခြံထဲရှိ စားပွဲဝိုင်းမှာထိုင်ကာ သံစဥ်ရှာနေသည့် နွေးရဲ့ဂစ်တာသံက ဆီးကြိုနေသည်။

"ဟွန်...ကိုကို...အစောကြီးပဲ၊ ခုမှ ၆ ခွဲပဲ ရှိသေးတယ်"

နွေးတစ်ယောက် သူ့ကိုမြင်တာနဲ့ ဂစ်တာကိုပိုက်ကာ စပ်စုပါတော့သည်။

"အင်း၊ အရေးကြီးကိစ္စလေး ရှိလို့"

"အမယ်....ဘယ်သူ့ကိစ္စမို့ ဒီလောက်လောနေတာလဲ၊ မမမြဲကိစ္စပဲမလား"

❁မမ❁Where stories live. Discover now