၁၅

1K 41 1
                                    

“ငါတို့ မာလာရှမ်းကော သွားစားရအောင်”

“အေး၊ စားရအောင်၊ ငါတို့ assignment တွေနဲ့ လုံးပန်းနေခဲ့ရတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းပြုစုသင့်တယ်”

မှုန်ကြီးက အဖော်ညှိ၍ ဇရစ်က သဘောတူသော်လည်း ပိပိဆီမှ စကားသံထွက်မလာခဲ့။ အိတ်ဆွဲကာ ထပြန်ဖို့ပြင်နေသည့် ပိပိမှာ သူတို့ပြောလိုက်သည့်စကားကိုပင် ကြားပုံမပေါ်လိုက်။ ၂ ယောက်လုံးက ပိပိကို စိုက်ကြည့်လာတော့မှ တစ်ခုခု ထူးဆန်းသလို ပြန်ကြည့်လာသည်။

“ဘာလဲ၊ အတန်းပြီးပြီလေ၊ မပြန်ကြဘူးလား”

“မာလာရှမ်းကော သွားစားပါမယ်ဆို”

“အာ... ငါ မစားဖြစ်တော့ဘူး၊ သွားစရာလေးရှိလို့၊ ပြီးတော့ ဒီနေ့ နင်တို့ချည်း ပြန်လိုက်တော့နော်”

“ဘာလဲ၊ ဘဲနဲ့ချိန်းထားလို့လား”

၂ ယောက်လုံးဆီမှ တစ်ပြိုင်နက်တည်းထွက်လာသည့် အလိုမကျဟန်မေးခွန်းကြောင့် ပိပိ ဟီးခနဲ ရယ်ပြရင်း ခေါင်းညိတ်လိုက်သည်။

“ငါ ကိုကိုနဲ့ ဒိတ်မလို့”

“ငါတို့နဲ့ အရင် သွားစားမယ်လေ၊ ဘယ်လောက်မှကြာတာလည်း မဟုတ်ဘဲ”

“မစားတော့ပါဘူး၊ ကိုကို အကြာကြီး စောင့်နေရလိမ့်မယ်၊ သွားပြီနော် တာ့တာ”

ပိပိမှာ အတင်းကာရော လက်ပြကာ ထထွက်သွားလေပြီ။ မှုန်ကြီးနှင့် ဇရစ်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်းတစ်ချက်စီ ချမိကြသည်။

“သူ့ရည်းစားကြောင့် ငါတို့ကို ထားသွားတာပေါ့”

“အေးပေါ့”

“ဒီပုံစံကို ရင်းနှီးနေတယ်”

“ရင်းနှီးမှာပေါ့၊ ဇင်မင်းတုန်းကလည်း ဒီလို သဲသဲလှုပ်ခဲ့တာပဲလေ”

စကားဝင်ရောလိုက်သည့် တခြားတစ်ယောက်အား မှုန်ကြီးနှင့် ဇရစ် မော့ကြည့်မိသည်။ မာလဲ့...။ မာလဲ့မှာ ကိုယ်ဟန်ခပ်လျော့လျော့ဖြင့် စာရေးခုံကို အနည်းငယ်အမှီပြုကာ ရပ်နေသည်။ မာလဲ့၏အကြည့်တို့က အခန်းပြင်သို့ ရောက်သွားပြီဖြစ်သည့် ပိပိအား စူးရဲစွာ စိုက်ကြည့်နေသည်။

❁မမ❁Where stories live. Discover now