၃၁

1K 50 13
                                    

Unicode

မက်နေကျ အိပ်မက်ဆိုးက အရက်မူးလည်း ပေါ်လာဆဲပါ။ မြေပြင်ပေါ်မှာ ငြိမ်သက်နေသည့် အမေ့ရဲ့အလောင်းကိုကြည့်ကာ အော်ဟစ်ရင်း ထက်ရှင်း လန့်နိုးလာသည်။ ချွေးတလုံးလုံးဖြစ်နေ၍ ကိုမြင့်ဦးက ရေခပ်တိုက်သဖြင့် အနည်းငယ်တော့ အမောပြေသွားရသည်။
"နွေးရော ကိုမြင့်ဦး"
"သူပြန်ပြီလေ၊ မင်းကို ငါနဲ့ထည့်ပေးလိုက်တာ၊ ဒီမှာ အိပ်သွားမလား"
"ဘယ်နှနာရီ ရှိပြီလဲ"
"၇ နာရီ"
ကိုမြင့်ဦးက သူ့လက်ပတ်နာရီကို ငုံ့ကြည့်ကာ ဖြေသည်။
"ကျွန်တော် ပြန်တော့မယ်"
"ဒီမှာပဲ အိပ်လိုက်ပါကွာ၊ မင်းပုံစံက တော်တော်ဒူနေပြီ"
"ရပါတယ်၊ ကျွန်တော် ရေချိုးလိုက်မယ်"
"ပြောမရလည်း နေတော့ကွာ၊ ဒီမှာ မင်းဖုန်း"
ကိုမြင့်ဦးက ခေါင်းအုံးပေါ်မှ ထက်ရှင်းဖုန်းကို ယူပေးသည်။ ဆံပင်ဖွာလန်ကြဲကို လက်ချောင်းတို့ဖြင့်သပ်ကာ ထပြန်ဖို့ပြင်နေသော ထက်ရှင်းအား မေးခွန်းတချို့ မေးချင်နေသေးသည်။
"ထက်ရှင်း.."
ထက်ရှင်းက မျက်နှာကို လက်ဝါး ၂ ဖက်ဖြင့် အထက်အောက် စုန်ဆန်ကာ ပွတ်နေ၍ နှုတ်မှမဖြေအား။
"မင်း အဆင်မပြေတာရှိရင် ပြောလို့ရတယ်နော်"
ထက်ရှင်း၏အပြုအမူတို့ စက္ကန့်ပိုင်းလောက် ငြိမ်သက်သွားသည်။ သို့သော် ဘာမှမဖြစ်သလို ခေါင်းရမ်းကာ ပြုံးပြလာသည်။
"ကျေးဇူးဗျာ ကိုမြင့်ဦး၊ ကျွန်တော် ပြန်ပြီ"
"အေး.."
အိမ်ရှေ့သို့ ထွက်လာစဉ် ၃ နှစ်အရွယ် သားလေးနဲ့ ကစားပေးနေသည့် ကိုမြင့်ဦး၏ဇနီးက ထက်ရှင်းကိုမြင်တော့ ပြုံးပြသည်။ ကလေးလေးကလည်း ထက်ရှင်းကိုမြင်တော့ မပီကလာ ပီကလာအသံလေးနဲ့ လှမ်းနှုတ်ဆက်သည်။
"ဟိုသားအမိ... အပြင်မှာ ခြင်ကိုက်မယ်"
ကိုမြင့်ဦးကပါ ထွက်လာပြီး သူ့ဇနီးနဲ့သားအနား သွားရပ်သည်။ သူတို့ကိုကြည့်လိုက်တော့လည်း ပျော်စရာကောင်းသား။ အဖေရယ် အမေရယ် သားလေးရယ်။ မိသားစုစုံစုံလင်လင်ဆိုတာ ဒါမျိုးကိုခေါ်တာနဲ့ တူပါရဲ့။
သူတို့ကို ပြုံးပြနှုတ်ဆက်ရင်း မှတ်မိနေသော လမ်းကြောင်းအတိုင်း ပြန်လာခဲ့လိုက်သည်။ အမူးပြေသွားသော်လည်း ခြေလှမ်းတို့က ယိုင်နဲ့နေဆဲ။ ဆိုင်ကယ်တက္ကစီက အနားလာရပ်တော့ ငြင်းလွှတ်သေးသည်။ "ကိုမြင့်ဦးက ပို့ခိုင်းလိုက်လို့"ဟု ပြောလာတော့မှ ကျေးဇူးတင်စိတ်နဲ့ လိုက်စီးဖြစ်သွားသည်။
အိမ်ရောက်တာနဲ့ ပုဆိုးတစ်ထည်ယူကာ ရေချိုးခန်းထဲ တန်းဝင်ခဲ့လိုက်သည်။ ကန်ထဲမှရေအေးကို ဒူးခေါင်းဆီ ပထမတစ်ခွက် လောင်းလိုက်သည်။ နောက်တစ်ခွက်ကိုတော့ ပုခုံးပေါ်သို့ လောင်းချလိုက်သည်။ ထို့နောက် ခေါင်းပေါ်ကိုချည်း ၃ ခွက်ဆင့်ကာ လောင်းပစ်လိုက်သည်။ ထိုအခါမှ နောက်ကျိကျိဖြစ်နေသော အာရုံတို့က အနည်းငယ် ကြည်လင်လာသည်။
တဘက်မေ့နေခဲ့သဖြင့် ရေချိုးပြီး အပေါ်ပိုင်းဗလာ၊ အောက်ပိုင်း၌ ပုဆိုးဝတ်၍ အခန်းဆီသို့ ခပ်မြန်မြန် လျှောက်လာလိုက်သည်။ ခါတိုင်းဆို တဘက်ကို ကိုယ်အပေါ်ပိုင်းတွင် ရုံပြီးမှ ရေချိုးခန်းထဲက ထွက်ဖြစ်သည်။ ယောက်ျားလေးဆိုပြီး အနေရဲလို့ မဖြစ်ပေ။ "ဒီအိမ်မှာ မိန်းမသားတွေချည်း"ဟူသည့် တစ်စုံတစ်ဦး၏ ပြောစကားက နားထဲဝင်ဝင်လာတော့ အပြုအမူတော်တော်များများကို စောင့်ထိန်းဖြစ်ခဲ့ပါသည်။
ထက်ရှင်း သူ့အခန်းထဲ ဝင်သွားသည်ကို ပိပိ လှေကားအကွေ့မှ စောင့်ကြည့်နေသည်။ မမကလည်း အိမ်ပြန်နောက်ကျမည်တဲ့။ အခါအခွင့် သင့်နေသည်မို့ ရွက်ဝါတို့ဆီသွားကာ ငြိမ်ဆေးကျွေးရသည်။
"ရော့... ကြိုက်တာ ယူဖတ်၊ ပြဲတော့ မပြဲစေနဲ့နော်"
"ဟုတ် မမ"
ငယ်ငယ်ကတည်းက ကာတွန်းစာအုပ်၊ ရုပ်ပြဝတ္ထု၊ အချစ်ဝတ္ထုတို့ကို သဘောကျတိုင်း ဝယ်စုထားတတ်သည်မို့ ပိပိတွင် ဖတ်ချင်စရာ စာအုပ်တော်တော်များများ ပိုင်ဆိုင်ထားပါသည်။ ရွက်ဝါနဲ့ ဇီဇဝါတို့သည်လည်း ခါတိုင်း တစ်အုပ်ချင်းသာ ပေးဖတ်တတ်ပေမယ့် ဒီနေ့ကျမှ စာအုပ်အထပ်လိုက် လာပို့ပေးတော့ ခြင်ထောင်ကိုယ်စီထောင်ကာ စာအုပ်ပုံကြား ခေါင်းမြုပ်ကြတော့သည်။
"ပိပိ..."
ရေစိုနေသော ဆံပင်တို့ကို ခြောက်အောင် သုတ်နေတုန်း အခန်းထဲသို့ ဝင်လာသည့်ပိပိကြောင့် ထက်ရှင်း ကြောင်အမ်းအမ်းဖြစ်သွားရသည်။ ပိပိက ပြုံးတုံ့တုံ့မျက်နှာထားဖြင့် ထက်ရှင်းအနားသို့ ဆက်လျှောက်လာသည်။
"ကိုကို သောက်ထားတာလား"
ထက်ရှင်း မလုံမလဲဖြင့် ကိုယ့်ချိုင်းကိုယ် ပြန်နမ်းကြည့်မိသည်။ ရေချိုးဆပ်ပြာနံ့က အရက်နံ့ကို ဖုံးထားနိုင်တာ သေချာတော့မှ သက်ပြင်းချမိသည်။
"အနံ့ရလို့တော့ မဟုတ်ပါဘူး၊ ကိုကို ဝင်လာတာ မြင်ကတည်းက ရိပ်မိပါတယ်၊ ပိပိ ဆံပင်သုတ်ပေးမယ်လေ"
ထက်ရှင်းလက်ထဲက တဘက်ကို လှမ်းယူတော့ မမိ။ ထက်ရှင်းက သူ့လက်ကို နောက်သို့ ရှောင်လိုက်သောကြောင့်ဖြစ်သည်။
"အမြင်မတော်ပါဘူး ပိပိ၊ ကိုယ် အဝတ်လဲပြီး အပြင်ထွက်ခဲ့မယ်၊ အပြင်က စောင့်နေနော်"
ပိပိစိတ်ထဲ ဟွန့်ခနဲ ဖြစ်သွားရသည်။ လက်တစ်ကိုင်းစွပ်ကျယ်လေးနဲ့ ဂျင်းဘောင်းဘီတစ်ထွာလောက်က ပိပိရဲ့အလှကို ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်လို့လား။ "အသားမစားတဲ့ကျား မရှိဘူး" ဆိုတာကို ပိပိ ယုံသည်။ ဥပုသ်စောင့်ထားတယ်ဆိုရင်တောင် ပါးစပ်ထဲထိ လက်ထည့်ပေးရင်တော့ စားချင်လောက်မှာပါ။
"ကိုကို ခုတလော ပိပိကို ရှောင်နေတယ်နော်"
မျက်နှာငယ်လေးနဲ့ ပြောလာသော ပိပိအား ထက်ရှင်း ဘာပြန်ပြောရမလဲ တကယ်မသိပါ။ တိုနံ့နံ့လေးဝတ်ပြီး အနားကို ပိုကပ်လာတော့ သူ့ခြေထောက်တွေက နောက်သို့ တစ်လှမ်းဆုတ်မိသွားသည်။ ပိပိ၏အကြည့်တို့က ခါတိုင်းနဲ့မတူဘဲ တစ်ခုခုကို ကြံစည်နေသလို ခံစားရသည်။ မိုးနတ်မယ် သူ့အနားသို့ ချဉ်းကပ်လာတိုင်း ဖြစ်ပေါ်လာရသော ခံစားချက်နဲ့ ဆင်တူသည်။
"ပိပိ..."
"ကိုကို ပိပိကို မချစ်တော့ဘူးလား"
ပိပိ၏အသံက အေးစက်၍ နွဲ့နောင်းနေသည်။ သို့သော် ထက်ရှင်း၏ရင်ထဲ၍ ပူလောင်လာသည်။ ဒီအခြေအနေကနေ ရှောင်ထွက်ချင်လာသည်။ ခုအခြေအနေကို တစ်ယောက်ယောက် မြင်သွားမှာလည်း စိုးရိမ်နေမိသည်။
"အဲ့လိုမဟုတ်..."
"ဒါဆို ဘာလို့ ရှောင်နေတာလဲ ကိုကို၊ ပိပိတို့က ချစ်သူတွေလေ၊ ကိုကိုသိလား၊ ကိုကိုအထင်သေးမှာစိုးလို့ မပြောရဲခဲ့တာတွေ အများကြီးရှိတယ်"
"ပိပိ..."
ပိပိက ထက်ရှင်း၏ရင်ဘတ်ကို လက်ညှိုးသွယ်သွယ်လေးနဲ့ တို့ထိလာသည်။ ထက်ရှင်း၏ အေးစက်သွားသော မျက်နှာအား မော့ကြည့်လိုက်ရင်း
"ပိပိနဲ့ အတူနေရအောင် ကိုကို"
"ပိပိ..!!"
ဗလာကျင်းနေသော အထက်ပိုင်းနေရာကို စိတ်တိုင်းကျပွတ်သပ်လာသော ပိပိ၏လက်တစ်ဖက်အား အမြန်ဖမ်းကိုင်လိုက်တော့ မျက်လုံးရွဲလေးများဖြင့် မော့ကြည့်လာသည်။
"မဖြစ်သင့်ဘူးလေ"
"ဘာကိုလဲ၊ ကိုကိုနဲ့ ပိပိက လက်ထပ်ပြီးရင်လည်း အတူနေရတော့မှာပဲလေ၊ စောတာနဲ့ နောက်ကျတာပဲ ကွာသွားမှာ"
ပိပိ၏အသံက ခုနကလို ပျော့ပျောင်းမနေတော့။ အေးစက်မာကျောမှုတို့ မသိမသာ ဝင်ရောက်လာသည်။ ထက်ရှင်းကို ကြည့်နေသည့် မျက်ဝန်းတစ်စုံသည်လည်း သိသိသာသာ စူးရှလာသည်။
"ပိပိက မိန်းကလေးလေကွာ"
"မိန်းကလေးလည်း ဆန္ဒနဲ့ပဲလေ ကိုကိုရဲ့၊ တကယ်ဆို ကိုကို့ဘက်ကအရင် တောင်းဆိုခဲ့သင့်တာ"
"မဟုတ်ဘူး၊ မဟုတ်သေးဘူး"
ထက်ရှင်း ပိပိ၏လက်ကို လွှတ်ပေးလိုက်ကာ အဝတ်ဗီရိုဆီ အမြန်လျှောက်သွားလိုက်သည်။ တွေ့ရာ အင်္ကျီတစ်ထည်ကို ထုတ်ဝတ်ဖို့ပြင်တုန်း သူ့ကျောပြင်ကို ဖက်တွယ်ခြင်း ခံလိုက်ရသည်။
"ပိပိ ကိုကို့ကို ချစ်တယ်လေ၊ ဒါဆိုရင်ပဲ ရှေ့ဆက်လို့ရသေးတယ်မလား"
"ပိပိ အတွေးလွန်နေပြီ၊ ဒီကိစ္စကို ဧည့်ခန်းထဲမှာ ပြောကြတာပေါ့၊ လောလောဆယ် ကိုယ် အဝတ်ဝတ်လိုက်ဦးမယ်"
ချော့မော့ပြောလိုက်သော်လည်း ထက်ရှင်း၏ခါးထက်မှ လက်တို့က ဖယ်ခွာမသွား။ သက်ပြင်းဖွဖွချကာ ထိုလက်တို့ကို ခွာထုတ်တော့ ပိပိဆီမှ အသံစူးစူးတစ်ခု ထွက်လာသည်။
"ကိုကို ပိပိကို မချစ်တော့တာလား၊ နောက်လူ ရှိနေတာလား"
"ပိပိ..!!"
ကြိုးစားခွာထုတ်နေသည့်တိုင် ဖယ်မသွားသော လက်တို့က ရုတ်ချည်းဆိုသလို တပ်ဆုတ်သွားသည်။ ထက်ရှင်း၏ ကျောဘက်မှ ရှိုက်သံထွက်လာတော့ စိတ်မကောင်း။ ငိုစေဖို့ မရည်ရွယ်ခဲ့တာ အမှန်ပါ။
"ကိုကို ပိပိကို မချစ်တော့ဘူးလား"
ပိပိဘက်ကို လှည့်ကြည့်လိုက်တော့ ခေါင်းလေးငုံ့ကာ တရှုပ်ရှုပ်ငိုနေသည်။ ဘယ်လိုနှစ်သိမ့်ပေးရမလဲ။ ဘယ်လိုချော့မော့ရမလဲ။ ဒီနေရာမှာ သူမဟုတ်ဘဲ နွေးသာဆို ပိပိကို အငိုတိတ်စေဖို့ နည်းလမ်းစုံ ရှိနေမှာ။ ခုတော့ သူကိုယ်တိုင်က ဘာမှမပြောဘဲ နှုတ်ဆိတ်နေမိတာမို့ ငိုနေသူမှာ မျက်ရည်မစဲတော့။
"ကိုယ် တောင်းပန်ပါတယ်"
"တောင်းပန်ရမှာ မဟုတ်ဘူးလေ၊ ဘာလို့လဲဆိုတာ ရှင်းပြရမှာ၊ ကိုကို ပိပိကို မချစ်တော့ဘူးဆိုတာ တကယ်မဟုတ်ဘူးမလား၊ ဟင်..ကိုကို... ပိပိကိုချစ်လို့ပဲ နမ်းခဲ့တာ မဟုတ်ဘူးလား"
ထက်ရှင်း ခေါင်းငိုက်စိုက်ကျသွားတာကိုကြည့်ပြီး ပိပိရင်ထဲ ထိတ်သွားရသည်။ ဒါက ဘယ်လိုတုံ့ပြန်မှုမျိုးလဲ။ ဖြေစရာအဖြေမရှိတာ မဟုတ်ဘဲ မဖြေချင်၍ ခေါင်းငုံ့ချလိုက်တာလား။ အဲ့ဒီအဖြေက ပိပိအတွက် နာကျင်စရာ ဖြစ်နေလို့လား။
"ကိုယ်.. ပိပိကို...."
မကြားချင်သည့်စကားလုံးတို့အတွက် ပိပိ ထက်ရှင်း၏နှုတ်ခမ်းကို မော့နမ်းကာ နှုတ်ဆိတ်စေလိုက်သည်။ တုံ့ပြန်အနမ်းကို စောင့်နေပေမယ့် ပြန်မနမ်းတာ သေချာတော့ နာကျင်စွာပြုံးရင်း ထောက်ထားသောခြေဖျားတို့ကို ကြမ်းပြင်တွင် ပြန်ချလိုက်သည်။
"လောလောဆယ်တို့ ပိပိတို့ ဘာမှမပြောဘဲ နေလိုက်ရအောင်"
ထိုမျှသာပြောပြီး အခန်းဝဆီ တရွေ့ရွေ့လျှောက်သွားသော ပိပိကိုကြည့်ကာ ထက်ရှင်း အပြစ်မကင်းသလို ခံစားရသည်။ ရှုပ်ထွေးသော ခံစားချက်များနဲ့ မပြတ်မသားဖြစ်နေတတ်သော ကိုယ့်ကိုယ်ကိုယ်လည်း အားမလိုအားမရ ဖြစ်မိသည်မှာ ခဏခဏ။
ပိပိနဲ့တွေ့တော့ ချစ်တတ်သွားပြီဟု ထင်ခဲ့မိသည်။ ပထမဆုံးအနမ်းက ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလွန်း၍ ထိုခံစားချက်ကို အချစ်ဟု သတ်မှတ်ခဲ့သည်။ ဒီအမျိုးသမီးလေးကို ချစ်မိသွားပြီဟု ယုံကြည်ရင်း ၂ ကိုယ်တူ ချစ်သူဘဝကို စတင်ခဲ့မိသည်။
အခုကျတော့ရော...။ ဖောက်ပြားတယ်လို့ ဆိုလေမလား။ တစ်ဖက်သတ်ဟု ခေါ်ရမလား။ လှောင်ရယ်စရာကောင်းလောက်အောင် သူ့ခံစားချက်တွေက ပိပိမဟုတ်သည့် တခြားတစ်ယောက်အပေါ်မှာ ဖြစ်တည်နေသည်။
"ငါချစ်တာ ပိပိ" ဟု အကြိမ်တစ်ရာမက ကိုယ့်ကိုယ်ကိုယ် နေ့စဉ် သတိပေးခဲ့တာတောင် ပြန်မြင်ယောင်နေမိတာက တခြားတစ်ယောက်ဖြစ်နေသည်။ ကိုယ့်ကို ပြန်မချစ်နိုင်သည့် လူတစ်ယောက်ကိုမှ ချစ်မိသွားတာက အတော်နာကျင်စရာကောင်းမှန်း သူကိုယ်တိုင် ခံစားဖူးပါသည်။ ဒါကြောင့်လည်း ပိပိကို မျှော်လင့်ချက်တွေ မပေးချင်တော့။
"ကိုယ်တို့ လမ်းခွဲရအောင်"
တံခါးပေါက်အနား ရောက်နေပြီဖြစ်သည့် ပိပိ၏ခြေလှမ်းတို့ တုံ့ခနဲ ဖြစ်သွားသည်။ ပုခုံးလေးတွေ တုန်လာပေမယ့် ထက်ရှင်းကို ဘာအဖြေမှ ပြန်မပေးသေး။
"တောင်းပန်ပါတယ် ပိပိ၊ ကိုယ့်အမှားတွေပါ၊ စိတ်တွေရှုပ်နေခဲ့လို့ ပိပိကို ဆွဲထားသလို ဖြစ်ခဲ့တယ်၊ အဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရတယ်၊ ကိုယ် တောင်းပန်ပါတယ်၊ ကိုယ်မှားတာပါ"
ထက်ရှင်းက အဆက်မပြတ် တောင်းပန်နေသလို ပိပိကလည်း ရှိုက်သံတောင်မထွက်တော့ဘဲ အသံတိတ် ငိုကြွေးနေသည်။ ဒီနာကျင်မှုတွေရဲ့အစက လူတစ်ယောက်ကို သဘောကျမိခြင်းကနေ စတင်ခဲ့တယ်ဆိုတာ ၂ ယောက်လုံး သိပါသည်။ အစကတည်းက မတွေ့ခဲ့ကြရင် ဒီလိုတောင် ခံစားရပါ့မလား။
"ပိပိရော.."
"အခန်းထဲမှာထင်တယ် မမ"
"ထက်ရှင်းရော.."
"ပြန်ရောက်ပြီ မမ၊ ကိုကြီးထက်ရှင်းကတော့ ခုနကမှ ပြန်ရောက်တယ်၊ ညစာကို အပြင်က စားခဲ့တယ်တဲ့"
ပိပိဝင်လာတုန်းကတည်းက ခပ်ဟဟဖြစ်နေခဲ့သည့် တံခါးပေါက်ကြားမှ မြဲပြန်လာသည်ကို တွေ့လိုက်ရသည်။ အစကတော့ ဒီအတိုင်း ရပ်နေမိပေမယ့် အခန်းဆီ ဦးတည်လျှောက်လာနေသည့် မြဲကိုမြင်တော့ ပိပိ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်သည်။ ဒါက နောက်ဆုံးအခွင့်အရေးလည်း ဖြစ်နိုင်သည်မို့။
အခန်းပြင်ထွက်ဖို့လုပ်နေပြီးမှ ပြန်လှည့်လာသည့် ပိပိကို ထက်ရှင်း နားမလည်စွာ ရပ်ကြည့်နေမိသည်။ ရုတ်တရက်ဆန်သော ပိပိ၏ အပြုအမူတို့က မြန်လွန်းနေ၍ သူ တားဆီးချိန်မရလိုက်။
ပိပိက ဘောင်းဘီအိတ်ကပ်ထဲမှ လေးထောင့်အိတ်လေးကို ဖြဲကာ ကြမ်းပြင်တွင် ပစ်ချလိုက်သည်။ ထို့နောက် ဗီရိုဘေးတွင်ရပ်နေသော ထက်ရှင်းအား ခုတင်ဘက်သို့ အားကုန်သုံး၍ တွန်းပစ်လိုက်သည်။
"ပိပိ... ဘာလုပ်နေတာလဲ"
ထက်ရှင်း၏မေးခွန်းကို ပိပိ မဖြေ။ ခုတင်ပေါ်မှ ပြန်ထဖို့ကြိုးစားနေသည့် ထက်ရှင်း၏ကိုယ်ပေါ်သို့ တက်ဖိလိုက်သည်။ ၂ ယောက်သား လုံးထွေးသွားချိန် ထက်ရှင်း၏ပုခုံးတစ်ဖက်ကို အားကုန် ကိုက်ချပစ်လိုက်သည်။ နာကျင်မှုကြောင့် ထက်ရှင်း၏လက်တို့က ပိပိ၏လက်မောင်းတို့ကို ညှစ်မိသွားသည်။
ဘာကြောင့် ဒီလိုလုပ်လဲဆိုတာ သေချာမသိပေမယ့် ဒါက သူ့အပြစ်တွေအတွက် ဒဏ်ခတ်တာဆိုရင်လည်း ငြင်းဆန်ပိုင်ခွင့်မရှိဟု ခံယူကာ ပိပိကိုက်နေသည်ကို အံကြိတ်ခံနေလိုက်သည်။ နာကျင်မှုတို့ ပြင်းထန်လာခြင်းအဆုံး ပိပိဆီမှ ရှိုက်သံနဲ့အတူ ထက်ရှင်း၏ပုခုံးတွင် သွေးစို့နေသော ကိုက်ရာတစ်ခု ထင်ကျန်သွားသည်။
ထိုစဉ် အခန်းတံခါးပွင့်သွားပြီး အခန်းဝမှ လူသားလေးက သူတို့၏အခြေအနေကို တစ်မျိုးတစ်မည် သတ်မှတ်သွားဟန်ရှိသည်။
"ငါတို့ စကားပြောဖို့ လိုပြီ၊ ၂ ယောက်လုံး အပြင်ထွက်ခဲ့ပေးကြ"
စကားတစ်လုံးချင်းကို တုန်ရီစွာပြောနေသည့် မြဲက သူတို့ကိုကြည့်ပြီး အတော်လေး ထိတ်လန့်သွားတယ်ဆိုတာ သေချာသည်။ မြဲထွက်သွားတော့မှ ပိပိလည်း ထက်ရှင်း၏ကိုယ်ပေါ်မှ ဆင်းကာ အခန်းပြင်သို့ လျှောက်သွားသည်။ ထက်ရှင်းတစ်ယောက်သာ ဖြစ်ပျက်သွားသော အခြေအနေတို့ကို ပြန်စဉ်းစားရင်း ကြောင်အစွာ ကျန်ရစ်ခဲ့သည်။

❁မမ❁Where stories live. Discover now