၄၈

1.3K 50 6
                                    

ကားမောင်းနေရင်း လူက အလိုလို ထခုန်ချင်နေသည်။ အချစ်သီချင်းသံမြူးမြူးနဲ့အတူ စတီယာရင်ပေါ်မှ လက်ချောင်းတွေက ဟန်ချက်ညီညီ ကခုန်နေကြသည်။ သူ့ကိုယ်တိုင်ကလည်း သီချင်းကို လိုက်ညည်းလျက် တွေးလိုက် ပြုံးလိုက်နဲ့ အူမြူးနေတော့သည်။

မနက်စာအဖြစ် ဝယ်လာသည့် ဖက်ထုပ်ပေါင်းနဲ့ ရှမ်းခေါက်ဆွဲဘူးတွေထည့်ထားသည့် အိတ်တွေကို လက်တစ်ဖက်တည်းနဲ့ စုကိုင်လျက် ကားပေါ်မှ ဆင်းလာလိုက်သည်။

လမ်းသွားတာတောင် ခြေထောက်နဲ့ မြေကြီးက ထိနေရဲ့လား ထက်ရှင်း မသိ။ မနက်စာစားပြီး မမနဲ့အတူ ဒိတ်ဖို့ တွေးထားသည့် plan ကလည်း အဆင်သင့်ရှိနေပြီးပြီမို့ ဒီတစ်နေ့လုံးအတွက် အတိုင်းအဆမသိ ရင်ခုန်နေမိသည်။

အခန်းရှေ့ရောက်သော် ခပ်ဟဟဖြစ်နေသော အခန်းတံခါးကြောင့် ပြုံးလိုက်မိပြန်သည်။ သူ့အတွက် အဆင်သင့် ဖွင့်ထားပေးတာ ဖြစ်လိမ့်မည်။

"မမ..."

ပြန်ထူးသံမကြားရဘဲ တိတ်ဆိတ်နေသော အခန်းလေးက သူ့ကို ကြောင်အအ ဖြစ်စေသည်။ ခြေထောက်နဲ့ထိသွားသည့် တစ်စုံတစ်ရာကြောင့် အောက်ငုံ့ကြည့်လိုက်တော့ အနီရောင်နှင်းဆီပန်းစည်းလေးကို တွေ့လိုက်ရသည်။

"Surprise လား"

ထက်ရှင်း ပန်းစည်းလေးကို နားမလည်စွာ ကောက်ယူကြည့်ရင်းမှ ခုထိ မြဲကို မတွေ့ရသေးကြောင်း အမှတ်ရသွားသည်။

"မမ..."

"မမ..."

တစ်ခန်းလုံးကို နှံ့အောင် မွှေနှောက်ရှာသော်လည်း မြဲကို မတွေ့။ ဖုန်းဆက်ကြည့်တော့ စက်ပိတ်ထားသည်ဟူ၍ တုံ့ပြန်လေသည်။ အပြင်သွားတယ်ဆိုရင်တောင် သူ့ကိုတော့ ပြောဖြစ်ဦးမှာပါ။ ခုတော့...။

"မမ.. ဘယ်ရောက်နေတာလဲ"

တွေးရင်းတွေးရင်း ခေါင်းက ထူပူလာသည်။ မမက ဘယ်ရောက်သွားတာလဲ။ ဘယ်သူခေါ်သွားတာလဲဆိုတာကို တွေးမရသေး။

"ဟယ်လို... နွေး... မမနဲ့ အဆက်အသွယ်ရလား၊ မမဖုန်းကို ခေါ်ပေးစမ်းပါ၊ မြန်မြန်လေး..."

^နေဦး.. နေဦး... ရှင်းအောင်ပြော ထက်ရှင်း၊ ငါ ကားမောင်းနေတာ^

"မမ ပျောက်နေတယ်၊ ငါဖုန်းဆက်တာလည်း မရဘူး"

❁မမ❁Where stories live. Discover now