၃၀

1.1K 41 16
                                    

မနက်ကတည်းက ပိပိ၏အမူအရာတွေ ထူးဆန်းနေတာကို နွေး သတိထားမိသည်။ နွေးနဲ့အတူရှိနေချိန် ထက်ရှင်းအနားကို လိုသည်ထက်ပို၍ တွယ်ကပ်သည်။ မနက်စာစားနေချိန် ထက်ရှင်းအပေါ် အမြင်ကပ်စရာကောင်းလောက်အောင် ဂရုစိုက်ယုယပေးခဲ့သည်။ နွေးကိုကြည့်သည့်အကြည့်တို့မှာလည်း အရင်ကနဲ့မတူ စိမ်းသက်နေသည်။ ပြိုင်ဘက်တစ်ယောက်၏ အငွေ့အသက်ကို ပိပိထံမှ ခံစားမိနေသည်။ နွေးပဲ အတွေးလွန်နေတာလား။
ခုလည်း ထက်ရှင်းကို အိမ်မှာနေခဲ့စေပြီး နွေးကို လိုက်ပို့ခိုင်းသည်။
"သွားပြီ"
မှုန်ကြီး၏အိမ်ရှေ့ ကားရပ်လိုက်သည်နှင့် တိုပြတ်ပြတ်စကားတစ်ခွန်းသာ ဆိုပြီး ကားပေါ်မှ ဆင်းသွားသည်။
"အေးလေ၊ သွားမှာကို သွားပြီလို့မပြောဘဲ ဖလိုင်းကစ်တွေဘာတွေ ပြသွားရမှာလား၊ ငါကလည်း ဘာတွေတွေးနေမိပါလိမ့်"
နွေးတစ်ယောက်တည်း ခေါင်းရမ်းခေါင်းခါလုပ်ကာ တွေးရင်း ကားကို ပြန်လှည့်လာခဲ့လိုက်သည်။ ခုချိန်မှာ တစ်ယောက်တည်း တွေးငေးနေဖို့ အချိန်မရှိ။ ထက်ရှင်းဆိုတဲ့ ငကုပ်တစ်ကောင် ဘာဖြစ်နေလဲဆိုတာ သေချာသိရဖို့ အရေးကြီးသည်။ လုပ်ရမယ့်ကိစ္စတွေလည်း ရှိနေသေးသည်။

—————

"ဝယ်ပေးစရာရှိတယ်ဆိုတာ ဒါလား"
Classic ဆန်ဆန် ဖွင့်ထားသည့် ဂစ်တာဆိုင်လေးက အထဲဝင်ဝင်ချင်းမှာ သီချင်းသံအေးအေးနဲ့ ဆီးကြိုသည်။ Classical, acoustic, electric, ukulele.. စသည့် ဂစ်တာအမျိုးအစားတို့ကိုလည်း တစ်ဆိုင်လုံးအပြည့် ခင်းကျင်းထားသည်။
"နင်ကြိုက်တာ တစ်ခုရွေးလိုက်၊ သီချင်းရေးဖို့ ဂစ်တာတစ်လုံးလောက်တော့ ရှိသင့်တယ်လေ"
"ငါ တော်တော်ကြီး အချိန်ဖြုန်းမိသွားတာလား"
"သိရင် ပြီးတာပဲ"
နွေးက ခပ်ပြတ်ပြတ်ပြောတော့ ထက်ရှင်းဘက်က နှုတ်ဆိတ်သွားသည်။ ထိုအစား ဂစ်တာတွေကို လိုက်ကြည့်ရင်း မကြီးမသေး ကြက်သွေးရောင် ဟော်လိုတစ်လုံးကို ကောက်ယူလိုက်သည်။ လက်နဲ့ ဆကြည့်သည်။ အလေးချိန်နဲ့ ကိုင်ရသည့်အနေအထား အဆင်ပြေသွားတော့ Fret တွေ မှန်မမှန် အစမ်းတီးသည်။ နွေးက ထက်ရှင်းလုပ်သမျှကို စိတ်ရှည်စွာကြည့်ကာ စောင့်ပေးသည်။ သူနဲ့အဆင်ပြေမယ့် ဂစ်တာတစ်လုံးရဖို့ ဒီလောက်တော့ အချိန်ပေးရမည်လေ။ ထက်ရှင်းကို စောင့်ပေးရင်း နွေးလည်း တခြားဂစ်တာတွေဆီ မျက်စိကစားဖြစ်သေးသည်။

❁မမ❁Where stories live. Discover now