BONUS CHAPTER - The Fight

1.1K 48 8
                                    

BONUS CHAPTER - The Fight

"မိန်းမ.. မောင် သွားတော့မယ်"

"မနက်စာ စောင့်ဦးလေ၊ ခဏလေးပဲ"

"တော်ပြီ၊ ရတယ်၊ အပြင်ကပဲ မှာစားလိုက်တော့မယ်"

သားရေရှူးဖိနပ်ကို မတ်တတ်ရပ်လျက်ပင် ခပ်မြန်မြန် ဝတ်ရင်း ပြောလာသည့် ထက်ရှင်းမှာ အလုပ်ရောက်ဖို့ အတော်လေး ဆန္ဒပြင်းပြနေပုံ ပေါ်သည်။ မြဲ တားဖို့ ကြိုးစားသေးပေမယ့် မမီတော့။ ဟင်းမွှေဇွန်းအား ကိုင်လျက် အိမ်ဝထိ ထွက်လာသော်လည်း လင်တော်မောင်က ကားထဲရောက်လို့ စက်တောင် နှိုးပြီးနေပြီ။

"ဟင်း...."

သက်ပြင်းလေးချရင်း ပြန်ဝင်လာလိုက်ပေမယ့် ရင်ထဲမှာတော့ အပူလှိုင်းလေးတွေက မသိမသာ ရိုက်ခတ်လာသည်။ အလုပ်ရောက်ရင် တကယ်ရော မနက်စာ စားဖြစ်ပါ့မလားလို့ တွေးမိတော့ သက်ပြင်းတစ်ချက် ထပ်ချဖြစ်သည်။ ညဆိုလည်း အလုပ်တွေကုန်းလုပ်ပြီး အတော်ညဉ့်နက်မှ အိပ်ပေမယ့် မနက်ဆို မြဲထက်ပင် အရင်နိုးနေတတ်၍ အိပ်ရေးမဝ၊ အစားမဝင်ဘဲ မူးလဲနေမလားဆိုပြီး တွေးပူရပြန်သည်။

အိမ်ထောင်သက်က ၂ နှစ်ထဲ ဝင်လာသလို ထက်ရှင်း၏ အပြုအမူတို့ကလည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။ မနက်စာဆို အပြင်မှာ စားတတ်လာသည်။ အဝတ်တွေဆိုလည်း သူကိုယ်တိုင် စီမံပြီး သူ့ဘာသာ ဝတ်သွားသည်။

မြဲအတွက် အလုပ်တစ်ခု လျော့သွားပေမယ့် ထူးထူးခြားခြား မပျော်မိ။

အလုပ်သွားခါနီးတိုင်း အနမ်းခံရတတ်တဲ့ ပါးပြင် ၂ ဖက်က ထိုအထိအတွေ့ကို မရရှိတာ တစ်လပင် ပြည့်တော့မည်။ နေ့လည်ခင်းဆိုလည်း အရင်ကဆို အိမ်ပြန်စားတတ်သူက ခုတော့ နေ့လည်ဆို အိမ်ပြန်မလာဖြစ်တော့။ အလုပ်များလို့ဟု ပြောသော်လည်း တခြားအကြောင်းပြချက် တစ်ခုခုကိုသာ မြဲစိတ်ထဲ တွေးတောနေမိသည်။

နေ့စဉ်နေ့တိုင်း တူညီသော အိမ်မှုကိစ္စတွေကို လုပ်ကိုင်နေရသည်က မြဲအတွက် ငြီးငွေ့ဖွယ် မဖြစ်သော်လည်း ထမင်းစားရေသောက်သဖွယ် ဖြစ်လာ၍ တစ်ချက်တစ်ချက် အလုပ်လုပ်နေရင်း အတွေးကမ္ဘာထဲ ရောက်ရောက်သွားတတ်သည်။

❁မမ❁Onde histórias criam vida. Descubra agora