1.6K 55 0
                                    

"ပိပိ...ဟုတ်တယ်မလား"


ထက်ရှင်းက ပိပိအား မိတ်ဆွေဟောင်းတစ်ယောက်ကို ပြန်တွေ့လိုက်ရသလို ပြုံးပြနှုတ်ဆက်လိုက်သည်။ သူ့ကိုပြန်ငေးကြည့်နေသည့် ပိပိကတော့ ပြန်ပြုံးပြဖို့ မေ့လျော့နေခဲ့သည်။

"နွေး...သူတို့က ငါ့ကျေးဇူးရှင်တွေ၊ အလျော်တောင်းမနေပါနဲ့တော့ဟာ"

"ဟယ်... ငါလည်း ဘာမှမတောင်းရသေးပါဘူး၊ သူတို့ချင်း ညှိနေကြတာကို မပြီးပြတ်သေးဘူး"

"ဟမ်..."

နွေးစကားကြောင့် ထက်ရှင်း မျက်စိရှေ့မှကောင်မလေးတစ်သိုက်ကို ပြန်ကြည့်လိုက်တော့ သူ့ကို တဟဲဟဲလုပ်ပြနေကြသည်။ ပိပိကလွဲလို့ပေါ့။

"ဟိုလေ... ကိုထက်ရှင်းနိုင်... အလျော်မတောင်းတော့ဘူးဆိုရင်လည်း ညီမတို့ကို ပြန်ခွင့်ပြုဦးနော်"

"ဟာ...ဇရစ်..."

"ဘာတုန်း... နင်ပဲ အလျော်မပေးနိုင်ဘူး၊ မတောင်းပန်နိုင်ဘူးဆို၊ အခွင့်အရေးကို မိမိရရ အသုံးချစမ်းပါ၊ လာ... သွားမယ်"

ဇရစ်က ဆွဲခေါ်တော့ ပိပိ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပါသွားရသည်။ ဘယ်သူကမှ ဆွဲမထားသလို ဘယ်သူကမှလည်း အပြစ်တင်စကား တစ်ခွန်းတစ်လေမျှ မပြောဆိုကြပါ။ သို့သော် ပိပိရင်ထဲမှာတော့ အားနာစိတ်တွေ တစ်ပုံတစ်ပင်ကြီး ဖြစ်တည်လာရသည်။ အထူးသဖြင့် ပိပိ ရန်တွေ့ခဲ့သည့် ထိုမိန်းကလေးကိုပေါ့။

"အိပ်ရေးဝရဲ့လား"

မောင်းထွက်သွားတဲ့ကားလေးကို ငေးကြည့်နေပြီးမှ နွေး ထက်ရှင်းအား သတိတရမေးမိသည်။ သူက မျက်ခုံး ၂ ဖက်အား လက်ချောင်းထိပ်များဖြင့် ဖိနှိပ်ပြီး ခေါင်းညိတ်ပြသည်။

"ဒီတစ်ခါတော့ စိတ်ဝင်စားစရာပဲဟ"

"ဘာကိုလဲ"

"နင့်ကျေးဇူးရှင်တွေဆိုလို့လေ၊ ငါနဲ့လည်း မိတ်ဆက်မပေးဘူး၊ ပြောစမ်း၊ ငါ့ကို ဘာတွေ လျှိုထားသေးလဲ"

❁မမ❁Where stories live. Discover now